ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်ကစားသမား ဇာဟာက ချန်ပီယံလိဂ် ကစားခွင့်ရရှိလိုတာကြောင့် ရော်နယ်ဒိုနဲ့ တွဲကစားခွင့်ရနိုင်မယ့် အခွင့်အရေးကို ငြင်းဆန်သွားမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဆော်ဒီကလပ် အယ်လ်နာဆာက ဇာဟာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး သူ့အတွက် ကမ်းလှမ်းမှုတစ်ရပ်ကိုလည်း ပြင်ဆင်ထားပါတယ်။
အယ်လ်နာဆာအနေနဲ့ အဆိုပါ တိုက်စစ်ကစားသမားအတွက် တစ်နှစ်လုပ်ခ ပေါင် (၄၅) သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဆော်ဒီမြေကို ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရှိရပါတယ်။ ဇာဟာ,ဟာ လက်ရှိနွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်ပြီး သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
အယ်လ်နာဆာကတော့ ဒီကစားသမားကို ပစ်မှတ်ထားနေပြီး ဇာဟာအနေနဲ့လည်း ရော်နယ်ဒိုလို ကစားသမားမျိုးနဲ့ တွဲကစားခွင့်ရရှိမှာဖြစ်ပေမယ့် ဒီအခွင့်အရေးကို ငြင်းဆန်သွားဖို့ ရှိပါတယ်။ အကြောင်းရင်းကတော့ သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့်ဖြစ်ပြီး ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုနေကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဇာဟာက ပီအက်စ်ဂျီရဲ့ ဦးစားပေးပစ်မှတ်တော့ မဟုတ်ပါဘူး။ ပီအက်စ်ဂျီအနေနဲ့ မိုချန်ဂလာဘတ် ကစားသမား မားကပ်စ်သူရမ်ကို ခေါ်ယူဖို့ ကြိုးစားလျက်ရှိပြီး သူ့ကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့မှသာ ဇာဟာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာ ဆော်ဒီကလပ်တွေဟာ ဥရောပက နာမည်ကျော် ကစားသမားအများအပြားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ရော်နယ်ဒိုနောက်ပိုင်းမှာ ဘန်ဇီမာ၊ ကန်တေတို့လို ဆော်ဒီမြေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဆော်ဒီအနေနဲ့ ကစားသမားတွေကို ကမ်းလှမ်းတဲ့နေရာမှာ မိမိကြိုက်နှစ်သက်ရာ အသင်းတစ်သင်းမှာ ရွေးချယ်ကစားခွင့်ကိုပါ ပေးထားပြီး ငွေကြေးမက်လုံးအရလည်း တော်တော်လေး များပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။