ကာရေဂါကတော့ ပေါ်တင်ကြီးကို ပြောချလိုက်တာပါ။

ဘောလုံးပွဲဝေဖန်သုံးသပ်ရင်း ပွဲရှာလေ့ရှိတဲ့ ဂျင်မီကာရေဂါကတော့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်က ပြုတ်တာကို ဝမ်းသာတယ်ဗျာလို့ အားပါးတရပြောသွားပြန်ပါပြီ။ မန​ေ့ညက ဘိုင်ယန်မြူးနစ်ကို ၂-၀နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရကာ ကာရေဂါက ဒီလိုအသင်း ပြုတ်တာပဲ အေးတယ်လို့ အားမနာလျှာမကျိုးပြောချလိုက်တာလည်းဖြစ်ပါတယ်။ 

ကာရေဂါက ပီအက်စ်ဂျီရဲ့ ကစားသမားသစ်တွေခေါ်ယူမှုကို အဓိကထားထောက်ပြခဲ့ပြီး ငွေကြေးအများအပြားသုံးတဲ့ ဒီလိုအသင်းရဲ့ ကျရှုံးမှုက ဘောလုံးလောကမှာ အသင်းကောင်းတသင်းဖြစ်လာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို ဖော်ကျူးရာရောက်တာကြောင့် သူ ကျေနပ်မိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

"ပီအက်စ်ဂျီထွက်ခဲ့ရလို့ ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ သူတို့ရဲ့စနစ်တစ်ခုလုံးနဲ့ အဲ့ဒါနဲ့ ပတ်သက်တဲ့အရာအားလုံးကို မကြိုက်နှစ်သက်ပါဘူး။ ဒါက အသင်းမဟုတ်ဘဲ ရှုပ်ယှက်ခက်နေတာပါ။ နောက်ဆုံး ၇ နှစ်မှာ ၅ နှစ်က သူတို့ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ သူတို့ဟာ အားလုံးထက်ပိုက်ဆံပိုပြီးသုံးတယ်၊ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေလည်း ရှိပါတယ်"

"အသင်းတစ်သင်းဖြစ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာပြောပြပေးတဲ့အတွက် ဒါဟာဘောလုံးလောကအတွက် တကယ်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ အသင်းအတွင်းမှာရှိတဲ့ တစ်ဦးချင်းကို ချစ်မြတ်နိုးပေမယ့် ဒါက အသင်းမဟုတ်ပါဘူး။ရိုးရိုးသားသားပြောရရင် ဘတ်ပီအနေနဲ့ ဒီအသင်းကနေ ထွက်ခွာရမှာဖြစ်တယ်"လို့ ကာရေဂါက ပြောဆိုသွားခဲ့ပါတယ်။ 

ပီအက်စ်ဂျီကလည်း ပီအက်စ်ဂျီပါပဲ။ ချန်ပီယံလိဂ်ဖလားရဖို့အတွက် နေမာ၊ မက်ဆီတို့လို ကစားသမားတွေအပါအဝင် နာမည်ကျော်ကစားသမားအများအပြားကို ခေါ်ယူပြီး ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ဖလားကိုရယူနိုင်ခြင်းမရှိသေးဘဲ ဗိုလ်လုပွဲအဆင့်နဲ့သာ ကျေနပ်နေခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က