ချန်ပီယံလိဂ်ဖလားနဲ့ ပတ်သက်လို့ ဟာလန်းက မျှော်လင့်ချက်ကြီးနေတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့က သူ့အတွက် ကြီးမားတဲ့အိပ်မက်တခုဖြစ်ကြောင်းနဲ့ မနက်နိုးလာရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သီချင်းသံနဲ့အတူ နိုးထလေ့ရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညမှာ အသင်းဟောင်း ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။



မန်စီးတီးကလည်း ချန်ပီယံလိဂ်ဖလားကို မက်မောနေတဲ့အသင်းတသင်းဖြစ်ပြီး ဟာလန်းရောက်လာတာက ဒီရာသီ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို ပိုမိုအားကောင်းစေပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဖလားနဲ့ ပတ်သက်လို့ “ကျနော့်ဖုန်းမှာ ချန်ပီယံလိဂ်သီချင်းကို Alarm လုပ်ထားပြီး မနက်တိုင်း၊ မနက်တိုင်း ကျနော်နိုးလာရင် ဒီသီချင်းကို နားထောင်ရပါတယ်”

“ချန်ပီယံလိဂ်ပြိုင်ပွဲက ကျနော့်အတွက် သဘောအကျဆုံးပြိုင်ပွဲတခုပါ။ ဒီပြိုင်ပွဲကို ကျနော် ချစ်မြတ်နိုးတယ်ဆိုတာလည်း အမှန်ပါပဲ။ လူတိုင်းကလည်း ဒါကို သိထားပြီးသားပါ။ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုတာက ကျနော့်အတွက် ကြီးမားတဲ့အိပ်မက်တခုဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဟာလန်းက “ကစားသမားတယောက်အနေနဲ့ တိုးတက်ဖို့ကလည်း အရေးပါတဲ့အရာတွေထဲက တခုပါ”

“ကျနော့်အတွက် အသင်းလိုက်ခြေစွမ်းပြနိုင်ဖို့၊ အသင်းဖော်တွေနဲ့ ကောင်းကောင်းတွဲဖက်ကစားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ကျနော်က ပိုမိုတိုးတက်ချင်တယ်၊ ပွဲတွေကို အနိုင်ရချင်တယ်၊ ချန်ပီယံဆုဖလားတွေကို ဆွတ်ခူးပြီး ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ချင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆီဗီလာ၊ ဒေါ့မွန်၊ ကိုပင်ဟေဂင်တို့နဲ့ တအုပ်စုတည်းကျရောက်နေတာပါ။

ဟာလန်းရဲ့ မန်စီးတီးကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ပွဲအဖြစ် ဆီဗီလာနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ဟာလန်းက အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ကာ မန်စီးတီးကလည်း အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟာလန်းဟာ မိုလ်ဒီ၊ ဆဲလ်ဘာ့ဂ်၊ ဒေါ့မွန်တို့မှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ဖူးပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၁.၄) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က