ဆီမြွန်နီ အဝတ်လဲခန်းထဲအသွားမှာ ပုလင်းတွေနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ မနေ့ညက ယူနိုက်တက်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းထဲကနေ လျင်လျင်မြန်မြန်ပဲ ထွက်ခွာခဲ့ပါတယ်။ ဆီမြွန်နီဟာ ပွဲပြီးဆုံးချိန်မှာ ပြိုင်ဘက်နည်းပြတွေနဲ့ လက်ဆွဲနှုတ်ဆက်လေ့မရှိဘဲ ဒါကလည်း သူ့ရဲ့မူလပုံစံလည်း ဖြစ်ပါတယ်။



မနေ့က ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီးနောက်မှာလည်း ဆီမြွန်နီက ဥမင်လှိုဏ်ခေါင်းထဲ တန်းတန်းမတ်မတ် ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ သူ့ကို ပလတ်စတစ်ပုလင်းတွေနဲ့ ဝိုင်းဝန်းပစ်ပေါက်ခဲ့တာကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဆီမြွန်နီဟာ ပွဲချိန်တလျှောက်လုံး သူ့ရဲ့ပုံစံအတိုင်း ခွန်အားအပြည့်နဲ့ အသင်းကိုညွှန်ကြားလေ့ရှိတဲ့နည်းပြဖြစ်ပြီး အချို့သူတွေအတွက်တော့ ဆီမြွန်နီရဲ့ အမူအရာတွေက မျက်စိနောက်လောက်အောင် ဖြစ်နေနိုင်ပါတယ်။ အခုလည်း အိုးထရက်ဖို့ဒ်ကွင်းအတွင်းကနေ ဆီမြွန်နီ ထွက်ခွာချိန်မှာ ယူနိုက်တက်ပရိသတ်တွေက ပုလင်းတွေနဲ့ နှုတ်ဆက်ခဲ့ကြတာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့တော့ ယူနိုက်တက်အနေနဲ့ အရေးယူခံရဖို့ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

အချို့ကတော့ ဒါဟာ ယူနိုက်တက်နည်းပြရန်းနစ်ဂ်ကို လက်ဆွဲမနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲ တန်းဝင်ဖို့ ကြိုးစားတာကြောင့် ဒါမှမဟုတ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်လိုဂိုပါတဲ့ မိုက်ခရိုဖုန်းကို ဖယ်ရှားခဲ့တာကြောင့်လို့ သုံးသပ်နေကြပါတယ်။ ဆီမြွန်နီဟာ ပွဲပြီးဆုံးချိန်တွေမှာ ပြိုင်ဘက်နည်းပြတွေနဲ့ လက်ဆွဲနှုတ်ဆက်ရတာကို မကြိုက်တဲ့အကြောင်း၊ ဗြိတိန်ရဲ့ယဥ်ကျေးမှုကို နားလည်ပေမယ့် လိုက်ပါမလုပ်ဆောင်နိုင်ကြောင်းကို အရင်တည်းက ပွင့်ပွင့်လင်းလင်းပြောကြားထားပြီးသားပါ။

အုပ်စုအဆင့်မှာ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း ဆီမြွန်နီတယောက် ကလော့ပ်နဲ့ လက်ဆွဲမနှုတ်ဆက်ဘဲ ကွင်းထဲက ထွက်ခွာခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ် အင်္ဂလန်မြေကို ပြန်ရောက်လာချိန်မှာလည်း ဆီမြွန်နီကတော့ သူ့ရဲ့ပုံစံအတိုင်းပဲ တသဝေမတိမ်း လုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က