ဖေမီနိုကတော့ အန်ဖီးလ်နောက်ဆုံးပွဲမှာပါ ပရိသတ်လွမ်းအောင် လုပ်သွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ လီဗာပူးတို့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်က လက်ကျန်နှစ်ပွဲမှာ သရေတစ်မှတ်ရရှိရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတော့မှာဖြစ်ပြီး လီဗာပူးကတော့ ယူရိုပါလိဂ်သာ ကစားရဖို့ ရှိနေပါတယ်။



ဒါ့အပြင် ဒီပွဲမှာ လီဗာပူးတို့ ကံကောင်းလို့ မရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် ဗီလာတိုက်စစ်မှူး ဝက်ကင်စ်က ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် ဂျာကော့ဘ်ရမ်ဆေးက ဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးတို့ လက်ကျန်ပွဲကစားချိန်တစ်လျှောက်လုံးမှာ ချေပဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဂတ်ပိုရဲ့ သွင်းဂိုးကလည်း ခွင့်ပြုခြင်းမခံခဲ့ရပါဘူး။

ဒါပေမယ့် ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ ဖေမီနိုက ပွဲကစားချိန် (၈၉) မိနစ်မှာ လီဗာပူးအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို သရေတစ်မှတ် ရရှိစေခဲ့ပါတယ်။ တိုက်ဆိုင်မှုတစ်ခုက ဒီပွဲဟာ ဖေမီနိုအတွက် လီဗာပူးကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲလည်းဖြစ်ခဲ့ပါတယ်။ အဆိုပါ ဘရာဇီးသားဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆို‌တော့မှာ မဟုတ်ဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။

တစ်ချိန်တုန်းက ကလော့ပ်ရဲ့ အသင်းမှာ မရှိမဖြစ် ဦးစားပေးခံခဲ့ရတဲ့ False 9 ကစားသမား၊ ပွဲထွက်ကစားသမား နာမည်တွေ ချရေးတိုင်း ကလော့ပ် ပထမဆုံးချရေးရတဲ့ နာမည်ပိုင်ရှင် ဖေမီနိုကတော့ ဗီလာနဲ့ပွဲအပြီးမှာ အန်ဖီးလ်ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဖေမီနိုနည်းတူ အသင်းကနေ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့် ကစားသမားကြီး ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာ၊ ချိန်ဘာလိန်တို့ကလည်း လီဗာပူးပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာကြောင့် ဗီလာနဲ့ပွဲက လီဗာပူးပရိသတ်တွေအတွက် ရလဒ်ပိုင်းအရရော၊ ဆုံးရှုံးမှုအရပါ ဝမ်းနည်းစရာကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က