နာပိုလီကတော့ ဖရန့်ဖတ်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒါဟာ အသင်းသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး အရင့်အရင်နာမည်ကျော်ကစားသမားဟောင်းတွေ အသင်းအတွက် မစွမ်းဆောင်ပေးနိုင်ခဲ့တာကို ဒီရာသီမှာ လက်ရှိနည်းပြနဲ့ ကစားသမားတွေက စွမ်းဆောင်ပေးနိုင်ခဲ့ပြိဖြစ်ပါတယ်။
နာပိုလီဟာ ဖရန့်ဖတ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၀ နဲ့ အပြတ်အသတ်အနိုင်ယူကာ နောက်တဆင့်ကို တက်လှမ်းခဲ့တာပါ။ ဗစ်တာအော့ဆီမန်ကလည်း ၂ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး ဘယ်လိုမှကို ရပ်တန့်မရနိုင်အောင်ဖြစ်နေတာပါ။ စပယ်လက်တီရဲ့ ဦးဆောင်မှုအောက်မှာ နာပိုလီတို့ အရမ်းကောင်းမွန်နေတာက တကယ်ကို အံ့အားသင့်ဖို့ကောင်းသလို ချီးကျူးဖို့လည်း ကောင်းနေပါတယ်။
နာပိုလီက အုပ်စုအဆင့်မှာကတည်းက ခြေစွမ်းပြခဲ့တာပါ။ အရေးမပါတော့တဲ့ ပွဲတပွဲရှုံးခဲ့တာလွဲရင် ကျန်ပွဲတိုင်းကို အနိုင်ရခဲ့ပြီး ဂိုးပေါင်း ၂၀ အထိသွင်းကာ ၆ ဂိုးသာပေးထားခဲ့ရပါတယ်။ အခုဆိုရင် ဒီရာသီချန်ပီယံလိဂ်မှာ သူတို့ထက် ဂိုးပိုသွင်းနိုင်တာ တသင်းမှကိုမရှိခဲ့ပါဘူး။ ပေးဂိုးကလည်း တပွဲကို တဂိုးနှုန်းတောင်မှ မပေးရတဲ့ အနေအထားမှာရှိနေလို့ တိုက်စစ်ရော၊ ခံစစ်ပါ အရမ်းကောင်းမွန်နေတာပါ။
ဒါကြောင့်လည်း နာပိုလီနဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့်အသင်းကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ နာပိုလီထက် ကစားသမားအင်အား၊ အတွေ့အကြုံပိုင်းသာလွန်နေရင်တောင်မှ လက်ရှိခြေစွမ်းပိုင်းအရ သူတို့ ခပ်လွယ်လွယ်အနိုင်ရမှာမဟုတ်တာတော့ သေချာပါတယ်။ ကျားကုတ်ကျားခဲနဲ့ ကစားရမှာဖြစ်ပြီး ရှိသမျှအင်အားအကုန်ထုတ်သုံးရပါလိမ့်မယ်။
ရီယိုဖာဒီနန်၊ အိုဝင်ဟားဂရေ့ဗ်တို့က အဲဒါကြောင့်လည်း နာပိုလီကို ချန်ပီယံလိဂ်ချန်ပီယံစာရင်းထဲ ထည့်ခဲ့တာဖြစ်ပါလိမ့်မယ်။ ကလော့ပ်၊ ဂွာဒီယိုလာတို့ကလည်း နာပိုလီကို ချီးကျူးမှုတွေလုပ်ထားကြလို့ သူတို့ကို အားလုံးက သတိထားနေရပြီဆိုတာက ထင်ရှားပါတယ်။ သူတို့ ဘယ်လောက်ထိ ရှေ့ဆက်သွားနိုင်မလဲဆိုတာကိုပဲ စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါ။