အာဆင်နယ်ရဲ့ ကွင်းလယ်ကစားသမားသစ် ဒီကလန်ရိုက်က သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်ရတယ်ဆိုတာမျိုး၊ ပါဝင်နိုင်တယ်ဆိုတာမျိုး မဟုတ်ဘဲ ဆုဖလားကို ရယူနိုင်ဖို့အတွက် ကစားရမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီနေ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဒီကလန်ရိုက်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒီကလန်ရိုက်ကတော့ အာဆင်နယ်ကို ဗြိတိန်ရဲ့ စျေးအကြီးဆုံးကစားသမားအဖြစ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဝက်စ်ဟမ်းယူနိုက်တက်နဲ့အတူ ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဒီကလန်ရိုက်က ရယူနိုင်ခဲ့ပြီး အခုအခါမှာ အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူဖို့အတွက်ကိုပါ ပစ်မှတ်ထားနေတယ်လို့ ယူဆရပါတယ်။
"အာတီတာလက်အောက်မှာ အာဆင်နယ်က ကွန်မြူနတီဒိုင်း၊ အက်ဖ်အေဖလားတွေကို ရထားပါတယ်၊ ဒါပေမယ့် ဒီအသင်းက ကြီးမားတဲ့ကလပ်ဖြစ်ပြီး ဆုဖလားတွေရယူနိုင်ရမှာပါ၊ အာဆင်နယ် အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တာ ကြာနေခဲ့ပါပြီ၊ မနှစ်ကတော့ အရမ်းနီးစပ်ခဲ့တယ်၊ ဒီနှစ်မှာ အဲဒီအတွေ့အကြုံတွေကနေ သင်ယူရတာ ပိုကောင်းတယ်လို့ ခံစားရပါတယ်"
"ဒါကြောင့် ပရီးမီးယားလိဂ်ဖလားက အသင်းရဲ့ သေချာပေါက်ပစ်မှတ်ပါပဲ၊ ပြီးတော့ ကျနော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီး အဲဒီဖလားကို ရယူနိုင်ဖို့အတွက် ကစားရမှာပါ၊ ဝင်ကစားခွင့်ရတယ်ဆိုတာမျိုးလောက်နဲ့ ကျနော်တို့ သွားမှာမဟုတ်ပါဘူး" လို့ ဒီကလန်ရိုက်က ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ကတော့ ချန်ပီယံလိဂ်နဲ့ နှစ်အတန်ကြာဝေးကွာနေပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာကို ရရှိခဲ့လို့ ပြန်လည်ဝင်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာတော့ အာဆင်နယ်ဟာ ဗိုလ်လုပွဲတကြိမ်သာ တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖူးခြင်းတော့ မရှိခဲ့ပါဘူး။