ဘဏ္ဍာရေးပြသနာ၊ မက်ဆီထွက်ခွာသွားမှုတွေနဲ့အတူ ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ အုပ်စုပွဲစဉ် ၂ မှာလည်း ဘင်ဖီကာကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အဖွင့်ပွဲနှစ်ပွဲဆက်တိုက် ၃-၀ တွေနဲ့ အရေးနိမ်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အဆိုးဝါးဆုံးတာထွက်မှုဖြစ်လာခဲ့ပါတယ်။
ပေးဂိုး ၆ ဂိုးအထိ ရှိနေပြီး သွင်းဂိုးတစ်ဂိုးမှမရရှိသေးတဲ့အထိ အခြေအနေဆိုးရွားနေတာဖြစ်ပြီး ၁၉၇၂-၇၃ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့ပါတယ်။ ရော်နယ်ကိုးမန်းရဲ့အသင်းဟာ အုပ်စုအောက်ဆုံးနေရာကို ရောက်နေပြီး ကံမကောင်းရင် ယူရိုပါလိဂ်တောင်ကစားခွင့်မရဘဲ ဥရောပပွဲတွေကို စောစောစီးစီးလက်ပြနှုတ်ဆက်ရဖွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။
"ပထမဂိုးနဲ့ ဒုတိယဂိုးဆိုရင် ဒီထက်ပိုကောင်းတဲ့ ကာကွယ်မှုမျိုး လုပ်နိုင်ခဲ့သင့်တယ်ထင်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းတွေ ချန်ပီယံလိဂ်မှာ အများကြီးပါ၊ အသင်းရဲ့အဆင့်အတန်းနဲ့့ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးသွားမှာပါ၊ ဒီနေ့ ဘာစီလိုနာမှာ ဘာပြသနာတွေရှိနေလဲ အားလုံးသိပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ လာလီဂါမှာလည်း နိုင်ပွဲရဖို့ရုန်းကန်နေရပြီး အသင်းအခြေအနေက တော်တော်လေးကို ဆိုးရွားနေတာဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းပုံစံမျိုးမှာ ရှိမနေတော့ဘဲ ယုတ်လျော့နေပြီဖြစ်ပြီး ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာအသင်းမဟုတ်တော့ဘူးဆိုတာလည်း ထင်ရှားလာခဲ့ပါတယ်။