အင်တာနဲ့ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

အေစီမီလန်နည်းပြ ပီအိုလီက ချန်ပီယံလိဂ်မှာ စပါး၊ နာပိုလီတို့ကို ဖြုတ်ချခဲ့ပြီးတာကြောင့် ဘယ်အသင်းကိုမဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အေစီမီလန်ဟာ ဒီနေ့ညမှာ မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ရင်ဆိုင်ရမှာပါ။



ဒီပွဲမှာ အင်တာမီလန်တို့ ဗိုလ်လုပွဲ တက်မယ်ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်နေပြီး ပီအိုလီကတော့ သူ့အသင်းအပေါ် ယုံကြည်မှုအပြည့်ရှိနေတာပါ။ ပီအိုလီက “အခြားသူတွေအတွက် အင်တာမီလန်က ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်နေပါတယ်။ ကျွန်တော်တို့ ဒါကို ချေဖျက်ပြချင်ပါတယ်။ ကျွန်တော်တို့ စပါးနဲ့ နာပိုလီတို့ကို ဖြုတ်ချခဲ့ပြီးပါပြီ”

“ဘယ်အသင်းကိုမဆို ကျွန်တော်တို့ ရင်ဆိုင်ကစားနိုင်စွမ်းရှိပါတယ်။ ချန်ပီယံလိဂ်မှာတော့ ကျွန်တော်တို့အတွက် နိမ့်မြင့်တက်ကျဆိုတာ မရှိပါဘူး။ အသင်းက ကြီးကျယ်ခမ်းနားတဲ့ ခရီးတစ်ခုကို ဖြတ်သန်းလာခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ နောက်ဆုံးခြေလှမ်းကို ကျွန်တော်တို့ ကျော်လွှားချင်ပါတယ်။ အခုချိန်မှာ အသင်းသားတွေရဲ့ စိတ်ဓာတ်တက်ကြွမှုက အမြင့်ဆုံးမှာရှိနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အေစီမီလန်ဟာ ဒီနေ့ပွဲမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ရာဖေးလ်လီယာအိုကို ဆုံးရှုံးရနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာလည်း ပီအိုလီက “လီယာအိုက ကွင်းထဲမှာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ သူ ပါဝင်နိုင်မလား စောင့်ကြည့်ရမှာပါ။ အခြေအနေကောင်းတယ်ဆိုရင်တော့ သူ ကစားမှာပါ”

“ကျွန်တော် ဒီနေ့ည (ပွဲမတိုင်ခင်ည) မှာ အေးအေးချမ်းချမ်း အိပ်ရာဝင်မှာပါ။ လီယာအိုနဲ့ သူ့ဆရာဝန်နဲ့က ကျွန်တော့်ကို နောက်ဆုံး အခြေအနေပြောပါလိမ့်မယ်။ တကယ်လို့ လီယာအိုသာ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ သူ့ကိုခေါ်မယ်၊ မဟုတ်ဘူးဆိုရင်တော့ မခေါ်ဘူးပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က