စူပါကွန်ပျူတာက ယခုရာသီ ချန်ပီယံလိဂ်အောင်မြင်မှု ရရှိမယ့် အသင်းကို ဟောကိန်းထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ၁၆ သင်းရှုံးထွက်အဆင့်အထိ ရောက်ရှိလာပြီဖြစ်တာကြောင့် ဗိုလ်စွဲနိုင်တဲ့အသင်းတွေက စတင်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေ ကစားခဲ့ကြပြီးဖြစ်ပြီး ပွဲအများစုဟာ အနိုင်အရှုံး အဖြေထုတ်လို့မရနိုင်အောင် ညီမျှနေပေမယ့်လည်း လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်ကို ပထမအကျော့မှာ ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကျိန်းသေနေတဲ့ပုံပေါ်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စူပါကွန်ပျူတာရဲ့ ပြောကြားချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးမဟုတ်ဘူးလို့ သိရပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဟာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျူလီယန် နာဂယ်စ်မန်းရဲ့အသင်းဟာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရနိုင်ခြေ ၂၆ ရာခိုင်နှုန်းသတ်မှတ်ခြင်းခံခဲ့ရတယ်လို့ သိရပြီး မန်ချက်စတာစီးတီးက ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ထပ်တစ်ကြိမ် ဥရောပအောင်မြင်မှုကို ရရှိနိုင်ခြေ ၁၄ ရာခိုင်နှုန်းသာ သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး တတိယမြောက်ရေပန်းအစားဆုံးအသင်းအဖြစ်သာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။