နာပိုလီတိုက်စစ်မှူးဗစ်တာအော့ဆီမန်ဟာ မနေ့ညက ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ပွဲမှာ သူ ဟက်ထရစ်ရမယ့် အခွင့်အရေးကို လက်လွှတ်ခံသွားခဲ့ပါတယ်။ နာပိုလီတို့ ပင်နယ်တီရရှိခဲ့ချိန်မှာ အော့ဆီမန်က သူမကန်သွင်းဘဲ အသင်းဖော်ဇီလင်စကီကို ပေးကန်ခဲ့တာဖြစ်ပြီး သူ့အတွက် သွင်းဂိုးတွေက ရောက်လာဦးမယ်ဆိုတာကို သိနေတာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။
တကယ်လို့သာ အဆိုပါပင်နယ်တီကို သူ ကန်သွင်းပြီး ဂိုးဝင်ခဲ့မယ်ဆိုရင် အော့ဆီမန်က ဟက်ထရစ်ရမှာပါ။ သူက အသင်းအတွက် နှစ်ဂိုးသွင်းပေးထားပြီးဖြစ်ကာ ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ ဟက်ထရစ်ရမယ့် အခွင့်အရေးက မက်မောစရာကောင်းခဲ့ပေမယ့် အော့ဆီမန်ကတော့ အသင်းဖော်ကို သဘောထားကြီးစွာနဲ့ ကန်ခွင့်ပေးခဲ့ပါတယ်။
"ပင်နယ်တီရချိန်မှာ ဇီလင်စကီက သူ ကန်လို့ရမလားလို့ ကျနော့်ကို လာမေးခဲ့တယ်၊ သူ့ကို ကျနော် ခွင့်ပြုခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်က team player တဦးမို့ပါ၊ ပင်နယ်တီကနေ ဂိုးရရ၊မရရ ကျနော့်အတွက် သွင်းဂိုးတွေက ရောက်လာဦးမယ်ဆိုတာကို ကျနော်သိပါတယ်" လို့ အော့ဆီမန်က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
အော့ဆီမန်ကတော့ ဒီရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ ရရှိကာ ခြေစွမ်းပြသနေပါတယ်။ စီးရီးအေမှာ ၁၉ ဂိုးအထိ ရရှိထားကာ အခြားသောပြိုင်ပွဲတွေမှာ ၄ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။ ချန်ပီယံလီဂ်မှာ သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ်ရမှာဖြစ်ပေမယ့် အော့ဆီမန်ကတော့ ဒီစံချိန်ကို ရယူဖို့ထက် အသင်းဖော်တောင်းဆိုမှုကသာ လိုက်လျောသွားခဲ့ပါတယ်။