လီဗာပူးလ်မှာ ၆ နှစ်ကြာကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဒီယိုမာနေးက အသင်းဟောင်းလီဗာပူးလ်နဲ့ ချန်ပီယံလိဂ်မှာ ပြန်တွေ့ရင် အနိုင်ယူမယ်လို့ ပြောဆိုလိုက်ပါတယ်။ မာနေးကတော့ ဘိုင်ယန်ကို ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ တပတ်လုပ်ခပေါင် ၂၅၀၀၀၀ အထိ ရရှိနေတာဖြစ်ပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ကစားပေးခဲ့စဉ်က ၂၀၁၉ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်နဲ့တွေေ့ဆုံခဲ့ပြီး ဂိုးသမားနူအာကို လှလှပပဖြတ်ကျော်ကာ အနိုင်ဂိုးတဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးကို သူ့ကစားသမားဘ၀တလျှောက် အကောင်းဆုံးဂိုးလို့ မာနေးက ဖွင့်ဟခဲ့ဖူးပြီး အခုအခါမှာတော့ အဆိုပါဂိုးနဲ့ပတ်သက်ကာ မာနေးက ဟာသလုပ်ပြောဆိုခဲ့ပါတယ်။
"ကျနော့်ရဲ့ အကြိုက်ဆုံးဂိုးလို့ ပြောကောင်းပြောနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ ဒုတိယအကြိုက်ဆုံးဂိုးဖြစ်သွားပါပြီ၊ ဘာလို့လဲဆိုတော့ သူက (နူအာ) ကျနော့်အသင်းဖော်ဖြစ်လာပြီလေ။ ကျနော်ဟာသလုပ်တာမဟုတ်ပါဘူး၊ တကယ်ပါ၊ အဲဒါက ကောင်းမွန်တဲ့ ဂိုးတဂိုးဖြစ်ခဲ့တယ်ထင်ပါတယ်၊ ကျနော်တို့ ပွဲကောင်းတပွဲကိုလည်း ကစားနိုင်ခဲ့တယ်၊ တကယ်လို့ လီဗာပူးလ်နဲ့ ပြန်တွေ့ဖြစ်မယ်ဆိုရင်တော့ ဘိုင်ယန်အနေနဲ့ ကျနော်အနိုင်ယူမှာပါ"
"ချန်ပီယံလိဂ်ဖလားရဖို့ဆိုတာက လွယ်လွယ်လေးလို့ ကျနော်မထင်ဘူး၊ ဒါကို ပိုရှင်းစေချင်ပါတယ်၊ ဘိုင်ယန်အတွက် ကစားပေးနေပြီဆိုရင်၊ ဒီမှာ ရနိုင်သမျှအားလုံးကို အနိုင်ယူဖို့ ကျနော်ရောက်လာခဲ့တာပါ၊ ဆုဖလားအားလုံးကို ကျနော်တို့ ဆွတ်ခူးနိုင်ပါတယ်၊ ကျနော်တို့ပစ်မှတ်က တတ်နိုင်သမျှ ဆုဖလားတွေဆွတ်ခူးဖို့ပါ၊ ဒီမှာ အသင်းဖော်တွေကို ကျနော်ကူညီမယ်၊ ကျနော်တို့အိပ်မက်တွေကို အရယူမယ်" လို့ ဘွန်ဒက်လီဂါတရားဝင်ဝက်ဘ်ဆိုက်ကတဆင့် မာနေးက ပြောဆိုခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မာနေးကတော့ ဆီနီဂေါကနေ ဥရောပကိုထွက်ခွာလာခဲ့ပြီး ပြင်သစ်ကလပ်မက်ဇ်မှာ ကစားခဲ့သူပါ။ အဲဒီကမှတဆင့် ဩစတြီးယားကလပ်ဆဲဘာ့ဂျ်ကိုရောက်ရှိပြီး ခြေစွမ်းပြနေခဲ့လို့ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်က ခေါ်ယူခဲ့ပြီး ထပ်မံခြေစွမ်းပြခဲ့လို့ လီဗာပူးလ်ကခေါ်ယူခဲ့တာပါ။ လီဗာပူးလ်မှာတော့ သူ့ရဲ့ကစားသမားဘ၀အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ အခြားဆုဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။