မနေ့ညက ကစားခဲ့တဲ့ နာပိုလီနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် ထပ်မံ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဧည့်သည် ရီးရဲလ်မက်ဒရစ်က ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အတွက်တော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး ဒီနိုင်ပွဲတွေမှာ ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်မှုတွေက အရေးပါခဲ့ပါတယ်။ နာပိုလီအတွက် အိုစတီဂါ့ဒ်က ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ဗီနီရှပ်စ်က ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာပဲ ဘယ်လင်ဟမ်က နာပိုလီနောက်ခံလူတွေကြားထဲမှာ လှလှပပ ယိမ်းနွဲ့လှုပ်ရှားပြီး တစ်ကိုယ်တော် အရည်အချင်းနဲ့အတူ အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကို နာပိုလီဘက်က ဇီလင်စကီး ပင်နယ်တီနဲ့ ချေပခဲ့ပေမယ့် နာပိုလီဂိုးသမား မီရတ်ရဲ့ Own Goal နဲ့အတူ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲရရှိခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ဆက်တိုက် ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ဂျီရိုနာနဲ့ပွဲမှာလည်း သူ့ရဲ့ လှပတဲ့ ဂိုးဖန်တီးမှုက ပရိသတ်တွေအကြား ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ အခု နာပိုလီနဲ့ပွဲမှာလည်း ဘယ်လင်ဟမ်က နာပိုလီ နောက်ခံလူနှစ်ယောက်ကို ငုတ်တုတ်မေ့စေခဲ့ပြီးနောက် ပြိုင်ဘက် ဂိုးပေါက်ထဲ အမှားအယွင်းမရှိ ကန်သွင်းပြခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေက ဆက်လက်တောက်ပနေဆဲလည်း ဖြစ်ပါတယ်။