မနေ့ညက ကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်တို့ အုပ်စုမှာ အောက်ဆုံးနေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ အငြင်းပွားစရာအချို့ရှိခဲ့ပြီး ကိုပင်ဟေဂင်က ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်က ဟို့ဂျ်လန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပထမပိုင်း မိနစ် (၃၀) မပြည့်ခင်မှာတင် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီး ပထမပိုင်း (၄၅) မိနစ်နဲ့ နာကျင်အချိန်ပိုမှာ နှစ်ဂိုးဆက်တိုက် ပေးလိုက်ရပါတယ်။
ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ကလည်း ပထမပိုင်း (၄၂) မိနစ်မှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတာကြောင့် ယူနိုက်တက်တို့အတွက် ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါတောင်မှ ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ပွဲပြီးခါနီးမှ အသင်းက လုံးဝပြိုကျသွားခဲ့ပြီး (၈၃) မိနစ်နဲ့ (၈၇) မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် ပေးလိုက်ရပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ အုပ်စု (၄) ပွဲကစားပြီးချိန်မှာ ရမှတ် (၃) မှတ်နဲ့ အုပ်စု အောက်ဆုံးနေရာ ရောက်သွားခဲ့ပါတယ်။
ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့က ရမှတ် (၄) မှတ်စီနဲ့ အဆင့် (၂)၊ (၃) တို့မှာ အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ရမှတ် (၁၂) မှတ်နဲ့ အုပ်စုပထမနေရာ သေချာသွားခဲ့ပြီး ယူနိုက်တက်တို့ လာမယ့်နှစ်ပွဲစလုံးမှာ တစ်မှတ်တောင် အလျော့မခံမှသာ နောက်တစ်ဆင့်ကို တက်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။