အက်သလက်တီကိုပရိသတ်တွေ ရော်နယ်ဒိုကို ထပ်မံငြင်းဆန်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာပြီး အခြားသော ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ထိပ်တန်းအသင်းတွေရဲ့ အကြိမ်ကြိမ်ငြင်းဆိုခံနေရတဲ့ ရော်နယ်ဒိုဟာ မနေ့ညကလည်း အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပြန်ပါတယ်။



နူမန်စီယာနဲ့ ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ခြေစမ်းပွဲမှာ အက်သလက်တီကိုမက်ဒရစ် ပရိသတ်တွေက “ရော်နယ်ဒိုကို မကြိုဆိုဘူး” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲကာ ရော်နယ်ဒိုနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီပရိသတ်တွေဟာ ရော်နယ်ဒိုနဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာတည်းက ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆန့်ကျင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ရော်နယ်ဒို အက်သလက်တီကိုထံ မရောက်လာအောင်လို့ ရော်နယ်ဒိုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြုလုပ်ခဲ့ပါသေးတယ်။ အခုချိန်မှာလည်း အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေက ကွင်းအတွင်းမှာ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့တာပါ။

အက်သလက်တီကိုနဲ့ ယူနိုက်တက်တို့ဟာ လာမယ့် ဇူလိုင် (၃၀) မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားဖို့ရှိနေပြီး အဲ့ဒီပွဲမှာလည်း ရော်နယ်ဒိုကို ထပ်မံငြင်းဆိုသွားဖွယ်ရှိနေပါတယ်။ အက်သလက်တီကိုမက်ဒရစ် ဥက္ကဌ ဆီရီဇိုကလည်း ရော်နယ်ဒိုနဲ့ အပြောင်းအရွှေ့သတင်းတွေကို မနေ့ကပဲ တရားဝင်ငြင်းဆန်ထားခဲ့တာပါ။

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကိုခေါ်ယူမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့ဘက်က ငြင်းဆန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့တာဝန်ရှိသူတွေဖြစ်ကြတဲ့ ဆာလီဟာမစ်ဇစ်၊ အိုလီဗာခန်းတို့ ကိုယ်တိုင်က ဒီအကြောင်းကို တရားဝင်ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးကလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလီက ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် နည်းပြတူဟယ်လ်ရဲ့ဆန္ဒကြောင့် ရော်နယ်ဒိုကို မခေါ်ယူဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။  

Share

Loading Next Article...
က္က