မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကိုယ်စီရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်က အိမ်ကွင်းမှာ ဂါလာတာစာရေးကို ဧည့်ခံကစားခဲ့ရပြီး အာဆင်နယ်ကတော့ လန်းစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရတာပါ။
ယူနိုက်တက်က ဂါလာတာစာရေးကို တိုက်စစ်မှူးသစ် ဟို့ဂျ်လန်းရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် အိုနာနာရဲ့ အမှားနဲ့အတူ ချေပဂိုး၊ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ ဂါလာတာစာရေးက ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ ဒီပွဲမှာ ယူနိုက်တက် ကစားသမားဟောင်း ဇာဟာက အသင်းဟောင်းဘက်ကို ဂိုးပြန်သွင်းခဲ့ပြီး ဥရောပပရိသတ်တွေ ရင်းနှီးပြီးသား အီကာဒီကလည်း အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အီကာဒီက ပင်နယ်တီလွဲခဲ့ပေမယ့် (၃) မိနစ်အကြာမှာပဲ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးကလည်း အနီကတ်နဲ့ အထုတ်ခံခဲ့ရပါသေးတယ်။ ယူနိုက်တက်ကတော့ ဒီရာသီ ချန်ပီယံလိဂ်အုပ်စု အဖွင့်နှစ်ပွဲမှာ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတစ်သင်းပဲဖြစ်တဲ့ အာဆင်နယ်ကလည်း အဝေးကွင်းမှာ လန်းစ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျေးဆုက အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရတဲ့အပြင် ဆာကာလည်း ဒဏ်ရာရရှိသွားတာကြောင့် အာဆင်နယ်တို့ ရှုံးချက်နာခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။