ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ရာဖေးလ်ဗာရန်းက သူတို့အသင်းဟာ ချန်ပီယံလိင်္ဂဖလားကို ဆွတ်ခူးနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂါလာတာစာရေးနဲ့ ကစားရမယ့် အုပ်စု ဒုတိယမြောက်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့တာပါ။ 

ယူနိုက်တက်ဟာ အဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့ပြီး တူရကီချန်ပီယံကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေပြီး လက်ရှိမှာလည်း ရလဒ်တွေဆိုးရွားနေတာကြောင့် စိုးရိမ်စရာကောင်းနေပေမယ့် ဗာရန်းကတော့ ဆုဖလားပါ ရယူနိုင်ဖို့အထိ မျှော်လင့်နေတာပါ။ 

"ချန်ပီယံလိဂ်ဖလားရနိုင်မယ်လို့ ကျနော်ထင်ပါတယ်၊ အသင်းမှာ အရည်အသွေးရှိတဲ့ လူစာရင်းရှိနေပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက ခက်ခဲပါတယ်၊ အသေးစိတ်ကအစ ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်ပြီး အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းကြံ့ခိုင်တဲ့ လူစာရင်းရှိပြီးသားပါ"

"ကျနော်တို့ အများကြီးတိုးတက်လာအောင်တော့ လုပ်ရဦးမှာပါ၊ ဒီရာသီအစောပိုင်းမှာ ကျနော်တို့ ထင်မှတ်ထားသလိုမျိုး မဖြစ်လာခဲ့ပေမယ့်လည်း ဒီအသင်းက ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့် ကျနော် ယုံကြည်နေတုန်းဖြစ်ပါတယ်" လို့ ဗာရန်းက ပြောဆိုသွားခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားထားရချိန်မှာ ၄ ပွဲအထိ အရေးနိမ့်ထားခဲ့တာပါ။ ချန်ပီယံလိဂ်အဖွင့်ပွဲလည်း အရေးနိမ့်ထားလို့ ဂါလာတာစာရေးနဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က