နော်တင်ဟမ်ဖောရက်စ်ကို အက်ဖ်အေဖလားပွဲမှာ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာက အာဆင်နယ်အတွက်တော့ ခံပြင်းစရာရလဒ်တခုဖြစ်ခဲ့ရပါတယ်။ အသင်းရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီလို့ အားလုံးကချီးကျူးနေချိန်မှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံရှစ်ကလပ်ကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့သူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ရပါတယ်။
အဆိုပါပွဲမှာ အာဆင်နယ်အသင်းကစားသွားခဲ့ပုံက ရပ်ကွက်အဆင့်ခြေစွမ်းမျိုးလို့တောင် ဘောလုံးပွဲဝေဖန်သုံးသပ်သူ ရွိုင်ကိန်းက ပြောဆိုခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ လူငယ်ကစားသမားတချို့ကို ထည့်သွင်းအသုံးပြုခဲ့တဲ့ အာဆင်နယ်ဟာ စောစောစီးစီးပဲ လူစားလဲလှယ်ပြီး အသင်းကို ပြင်ဆင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေမရခဲ့တဲ့နောက် အက်ဖ်အေဖလားပြိုင်ပွဲကို နှုတ်ဆက်သွားခဲ့ရပါတယ်။
နော်တင်ဟမ်ပရိသတ်တွေကလည်း ပွဲကြည့်စင်ပေါ်ကနေ အာဆင်နယ်ကို တောက်လျှောက်ဖိအားပေးခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဆာကာကို ပစ်မှတ်ထားကာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အရေးနိမ့်ခဲ့တာ မင်းကြောင့်ဆိုပြီး အော်ဟစ်ခဲ့ကြကာ ဖိအားပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလားမရဖူးတာကိုလည်း သီချင်းလုပ်ဆိုကာ လှောင်ပြောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။
"မရဖူးဘူး၊ မရဖူးဘူး၊ မင်းတို့ ချန်ပီယံလိဂ်ဖလားမရဖူးဘူး" လို့ နော်တင်ဟမ်ပရိသတ်တွေက သီချင်းလုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကတော့ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ရယူဖူးတဲ့ အသင်းဖြစ်ပြီး ဥရောပမှာ အောင်မြင်မှုအစဉ်အလာကြီးမားခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ တဖက်မှာတော့ အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိသာ အမြင့်ဆုံးတက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။