ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဖီဒီဗယ်လ်ဗာဒီက သူ့အနေနဲ့ ချန်ပီယံလိဂ်ဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် သူ့မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်သွားမှာဖြစ်ပြီး သူ့မိန်းမကိုလည်း ပေးလိုက်နိုင်တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ မနက်ဖြန်ညမှာ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ရမှာပါ။
ဒီပွဲမှာသာ ရီးရဲလ်မက်ဒရစ် အနိုင်ရဗိုလ်စွဲခဲ့ရင် ဒါက ဗယ်လ်ဗာဒီအတွက် ပထမဆုံးသော ဥရောပချန်ပီယံဆုတခုဖြစ်လာမှာပါ။ ဒီအတွက်လည်း ဗယ်လ်ဗာဒီက စိတ်လှုပ်ရှားနေပြီး အခုလိုမျိုး ပြောကြားလာခဲ့တာပါ။
ဗယ်လ်ဗာဒီက “ကျနော့်ရဲ့ ပထမဆုံးဥရောပချန်ပီယံဆုကိုရဖို့အတွက်လား? အများကြီး ပေးမယ်ဗျာ၊ အရာအားလုံးကို ကျနော်ပေးနိုင်တယ်လို့တောင်ထင်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားက ကမ္ဘာပေါ်က ဘယ်ကစားသမားအတွက်မဆို အဖိုးတန်တဲ့ ဆုဖလားပါ။ ဒီတော့ ဒီဖလားကိုရဖို့ ကျနော် အများကြီးပေးဆပ်နိုင်ပါတယ်”
“ကျနော့်သားကလွဲရင်ပေါ့။ ကျနော့်ဇနီးကိုလည်း ပေးကောင်းပေးလိုက်မှာပါ။ အလကားပြောတာပါဗျာ။ ဟာသပြောတာပါ။ ဒါပေမယ့် ကျနော်ကတော့ အများကြီး ပေးဆပ်နိုင်ပါတယ်။ ဗိုလ်လုပွဲကစားဖို့ဆိုတာက နေ့တိုင်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူးလေ။ ဒီတော့ ကျနော့်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဧပြီ (၃၀) တည်းက လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီအတွက် အောင်ပွဲခံတဲ့နေရာမှာလည်း ဗယ်လ်ဗာဒီနဲ့အတူ သူ့ရဲ့ဇနီး မီနာဘိုနီနိုလည်း ပါဝင်ခဲ့ပါတယ်။ ဗယ်လ်ဗာဒီဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ဒီကစားသမားဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဥ်တွေမှာ အန်ဆယ်လော့တီရဲ့ အားကိုးရတဲ့ ကစားသမားဖြစ်ခဲ့ပြီး အခု လီဗာပူးနဲ့ဗိုလ်လုပွဲမှာတော့ အန်ဆယ်လော့တီတယောက် ဗယ်လ်ဗာဒီနဲ့ရိုဒရီဂို ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲ ပွဲကစားချိန်မှ သိရှိရမှာဖြစ်ပါတယ်။