မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာနည်းပြ ဇာဗီကို အချိန်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားတဲ့နေရာမှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကိုပါ ထည့်သွင်းလှောင်ပြောင်သွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာနည်းပြဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ ဘာစီလိုနာနည်းပြ ဇာဗီကလည်း ဂွါဒီယိုလာရဲ့ တပည့်ဟောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဇာဗီလက်ထက် ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီမှာတော့ လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းပရိသတ်တွေက ကာလရှည် ဝေးကွာနေတဲ့ ဥရောပအောင်မြင်မှုအတွက် ဇာဗီအပေါ်မှာ မျှော်လင့်ချက်ထားနေပြီး ဂွါဒီယိုလာက ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောကြားသွားခဲ့တာပါ။
ချန်ပီယံလိဂ်ဖလားကို မန်စီးတီးနဲ့အတူ ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ဂွါဒီယိုလာက “ဇာဗီကို ဘာစီလိုနာမှာ အချိန်နည်းနည်းလေး ပေးလိုက်ပါဗျာ။ ကျွန်တော်တို့တောင်မှ မန်စီးတီးမှာ ချန်ပီယံလိဂ်ဖလားရဖို့ (၈) နှစ်လောက် အချိန်ယူခဲ့ရသေးတာပဲ။ ကျွန်တော်က အခုဆိုရင် ဥရောပ ချန်ပီယံဖြစ်ခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တိုက်စစ်မှူးက (၃) ကိုက်အကွာလောက် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းရတာကို ဂိုးမဝင်ခဲ့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
လူကာကူဟာ မန်စီးတီးနဲ့ အင်တာမီလန်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ကစားခဲ့ပြီး အပိုင်အခွင့်အရေးအချို့က သူ့ကြောင့် ဂိုးမဖြစ်ခဲ့တာပါ။ လူကာကူအနေနဲ့ ဂိုးပေါက်နဲ့ အနီးကပ်အနေအထားကနေ ခေါင်းတိုက်ခွင့်ရရှိခဲ့ပေမယ့် အီဒါဆင်ရဲ့ တည့်တည့်ကို တိုက်ချပေးမိလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ဒါ့အပြင် အသင်းဖော် ဒီမာကိုရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိပြီး ပြန်ထွက်လာတာကို ဒီမာကိုကပဲ ထပ်မံ ခေါင်းတိုက်ခဲ့ရာမှာ ဘောလုံးက လူကာကူနဲ့ထိပြီး အင်တာမီလန်တို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အင်တာမီလန်တို့ မန်စီးတီးကို ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီး ပွဲအပြီးမှာလည်း မန်စီးတီးပရိသတ်တွေက လူကာကူကို အသင်းရဲ့ ဂန္တဝင်ကစားသမားအဖြစ် လှောင်ပြောင် ချီးကျူးခဲ့ကြပါတယ်။