မန်စီးတီးတို့ ရက်စတားဘဲလ်ဂရိတ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဂိုးသမား အီဒါဆန်ရဲ့ လုပ်ရပ်ကြောင့် နည်းပြ ဂွါဒီယိုလာတစ်ယောက် စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ အီဒါဆန်ကတော့ သူ့ရဲ့ပုံစံအတိုင်း ပြိုင်ဘက်ကို စိန်ခေါ်ပြီး ကစားလေ့ရှိတာပါ။
ဒီပွဲမှာ မန်စီးတီးအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်က နှစ်ဂိုး၊ ရိုဒရီက တစ်ဂိုးသွင်းယူပေးခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်မှာ မျက်နှာပန်းလှသွားခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးတစ်ဂိုးတော့ ပြန်လည်ခွင့်ပြုခဲ့ရသေးပြီး အီဒါဆန်ရဲ့ နောက်ထပ်လုပ်ရပ်တစ်ခုကလည်း ဂွါဒီယိုလာကို သွေးတက်စေခဲ့တယ်လို့ ဆိုရမှာပါ။
အီဒါဆန်က ပြိုင်ဘက်ကစားသမားနဲ့ တစ်ယောက်ချင်းရင်ဆိုင်အတွေ့ အန္တရာယ်များတဲ့ အနေအထားမှာ အခြား ကစားသမားတွေလိုမျိုးပဲ ဘောလုံးကို ခြေထောက်နောက်ကနေ ထုတ်ပြီး ကျော်ဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ခဲ့ချိန်ကလည်း တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်ဖြစ်ပြီး အခန့်မသင့်ရင် မန်စီးတီးတို့ အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားရမယ့် အနေအထားမျိုးကို ရောက်ရှိသွားနိုင်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ဘောလုံးက မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်ဆီ ရောက်ရှိသွားခဲ့မှသာ ဂွါဒီယိုလာတစ်ယောက်လည်း စိတ်အေးခဲ့ရပါတယ်။ အီဒါဆန်တစ်ယောက် ဒါမျိုးလုပ်ပြနေတာကလည်း အခုမှ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
Sweeper Keeper တစ်ယောက်ဖြစ်တဲ့ ဒီဂိုးသမားဟာ ကွင်းလယ်ကစားသမားလိုမျိုး အရည်အချင်းရှိတယ်လို့တောင် ချီးကျူးခံရလေ့ရှိသူပါ။ ဒါပေမယ့် အဆိုပါပွဲမှာ အီဒါဆန် အခုလိုမျိုး စတန့်ထွင်ခဲ့တာကြောင့် ဂွါဒီယိုလာတစ်ယောက် လန့်ဖျန့်သွားတဲ့ပုံကို ရုပ်သံမှတ်တမ်းတွေကလည်း အမိအရဖော်ပြခဲ့ပြီး ပရိသတ်တွေကလည်း တစ်နေ့မှာ အီဒါဆန်က ဂွါဒီယိုလာကို သတိလစ်အောင် လုပ်သွားနိုင်တယ်လို့လည်း နောက်ပြောင် မှတ်ချက်ပြုနေကြပါတယ်။