ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် လူကာ မိုဒရစ်က ချန်ပီယံလိဂ် လက်ရှိအဆင့်မှာ လီဗာပူးလ်နဲ့ ရင်ဆိုင်နေရမှာကို နောင်တရမိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ဟာ ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရပြီးနောက် ယခုရာသီမှာ ၁၆ သင်းရှုံးထွက်အဆင့်မှာ အတူတူ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပဲရစ်မှာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်ရော ရီးရဲလ်မက်ဒရစ်ပါ ယခုရာသီမှာ ရှုံးထွက်အဆင့်ကို သက်တောင့်သက်သာ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြန်လာနိုင်ခဲ့တာဖြစ်ပေမယ့် ၅ ပွဲဆက်တိုက် နိုင်ပွဲနဲ့အတူ အီတလီကလပ်အသင်းရဲ့နောက် အုပ်စုဒုတိယအဖြစ် နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပထမဆုံး ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်မရရှိခဲ့တာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ပထမအကျော့ပွဲစဉ်ကို အဲဗာတန်၊ နယူးကာဆယ်လ်တို့ကို အနိုင်ရရှိခဲ့ပြီးနောက် ယုံကြည်ချက်အပြည့်နဲ့ ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ ကလပ် ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း လာလီဂါမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၎င်းတို့ရဲ့ ဆုဖလားသေတ္တာထဲမှာ နောက်ထပ် ချန်ပီယံလိဂ်ဖလားကို ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပေမယ့်လည်း မိုဒစ်က လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်အပေါ် ၎င်းရဲ့ ဝမ်းနည်းမှုကို ဝန်ခံ ပြောကြားခဲ့ပါတယ်။
"လီဗာပူးလ်လူစာရင်းကို ကြည့်လိုက်ရင် အချိန်မရွေး သူတို့က တုံ့ပြန်နိုင်ပြီး ဒီရာသီမှာ စပြီးတော့ ပြန်လာနိုင်မယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အဲဒါက ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားမယ့် ဒီချန်ပီယံလိဂ် ၂ ပွဲမှာမဟုတ်ဖို့ မျှော်လင့်မိပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေရမှာပါ။ ကျွန်တော်တို့ရဲ့ လိဂ်ရာသီက အကောင်းဆုံးမဖြစ်နေပေမယ့်လည်း လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်က ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲအဖြစ် ပရိသတ်တွေကို ကမ်းလှမ်းနိုင်ပါတယ်။ မဲခွဲမှုက ကျွန်တော်တို့ ၂ သင်းကို ပြိုင်ပွဲမှာ စောစောကစားစေခဲ့ရတာက နှမြောစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းကောင်းတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်ခဲ့ရမှာမို့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။