မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယန်းဘွိုင်းစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ဟာလန်း လွဲချော်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာလည်း ပထမပိုင်းပြီးကတည်းက လူစားလဲခံခဲ့ရတာပါ။
ဟာလန်းကို ဂွါဒီယိုလာက ချန်ပီယံလိဂ်ပွဲအတွက် အနားပေးခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာလန်းတစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယန်းဘွိုင်းစ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အခုလို ပြောခဲ့တာပါ။
ဂွါဒီယိုလာက “အသင်းဆရာဝန်တွေ ပြောတဲ့ စကားကို ကျွန်တော် နားထောင်သွားမှာပါ။ တနင်္ဂနွေနေ့မှာ ဟာလန်းပြောတာကတော့ စနေနေ့ကထက် သူ့ဒဏ်ရာက သက်သာလာပြီလို့ပါ။ ဒါပေမယ့် ကျွန်တော် အသေးစိတ် မသိရသေးပါဘူး။ တကယ်လို့ သူ ကစားဖို့ အဆင်သင့်ဖြစ်နေပြီ၊ ဒဏ်ရာက မနာကျင်တော့ဘူးဆိုရင် ကျွန်တော် ထည့်ကစားဖို့ စဉ်းစားမှာပါ”
“အဲ့ဒီလိုမှမဟုတ်ရင်တော့ အယ်လ်ဗာရက်ဇ်က သူ့နေရာကို ဝင်ကစားပါလိမ့်မယ်။ အယ်လ်ဗာရက်ဇ်ကလည်း အတော်လေး ကောင်းတဲ့ ကစားသမားပါ။ သူ တိုက်စစ်မှူးအဖြစ် ရောက်လာတာကို ကျွန်တော် သဘောကျပါတယ်။ ဘာပဲဖြစ်ဖြစ် အယ်လ်ဗာရက်ဇ်အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အနိုင်ရရှိခဲ့ရင် နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာသွားတော့မှာပါ။ ဒါပေမယ့် ဒီပွဲပြီးရင် လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ ပွဲကျပ်ရင်ဆိုင်ရဖို့ရှိတာကြောင့် ဂွါဒီယိုလာက အဆိုပါပွဲအတွက် ဟာလန်းကို အနားပေးသွားဖွယ်ရှိပါတယ်။