ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဆီမီးမှာ ရင်ဆိုင်တွေ့ရမယ့် ရီးရဲလ်မက်ဒရစ်ကို လက်စားချေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ဘိုင်ယန်ကွင်းမှာ ၁-၁ သရေကစားခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစပါတယ်။
ဘာနာဒိုဆေးလ်ဗားကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်ကို ဒရာမာဆန်ဆန်အရေးနိမ်ခဲ့ရတာကို ပြန်လည်လက်စားချေချင်နေတာပါ။ ဒီလိုအဆင့်မှာပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မန်စီးတီးဟာ ချန်ပီယံလိဂ်ဘုရင်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ အားလုံးက ထင်မှတ်ထားချိန်ကြမှ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘာနေဗျူးမှာ ဒူးထောက်ခဲ့ရပါတယ်။ အခုအခါ ရီးရဲလ်နဲ့ ပြန်ဆုံတွေ့ပြီး နောက်ကောက်ချနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်ပါတယ်။
"အဲဒီအတွက် (လက်စားချေအတွက်) ကျနော်တို့ကစားသွားမယ်ဆိုတာ အတိအကျပါပဲ၊ ဒီအတွက်ကိုပဲ ကျနော်တို့ အမြဲတမ်းကြိုးစားနေတာပါ၊ ဒါပေမယ့် အခုအချိန်မှာ အသင်းက အရမ်းအရမ်းကို ယုံကြည်မှုပြည့်၀နေတဲ့အသင်းပါ၊ ကျနော်တို့ ကျော်ဖြတ်နိုင်မယ်လို့တော့ ထင်ထားပါတယ်၊ ကျနော်တို့ ပွဲတပွဲမှာ စွမ်းဆောင်ရည်ကျသွားခဲ့ရင် ပြိုင်ပွဲက ထွက်ရမယ့် နေရာကို ရောက်နေပါပြီ"
"ခက်ခဲနိုင်တယ်ဆိုပေမယ့်လည်း ချန်ပီယံဆုတချို့ကို အိမ်သယ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ၊ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို အရောက်သွားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်" လို့ ဘာနာဒိုဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်နဲ့ပွဲမှာတော့ ဆေးလ်ဗားက ခြေစွမ်းပြနိုင်ခဲ့ပြီး ဟာလန်းကလည်း နောက်ထပ်သွင်းဂိုးတဂိုး ရရှိခဲ့ပါတယ်။
ဟာလန်းရဲ့ ခြေစွမ်းပြသနေမှု၊ မန်စီးတီးရဲ့ အသင်းလိုက်ကစားပုံကောင်းမွန်နေမှုတွေက ချန်ပီယံလိဂ်ဖလားကို မျှော်လင့်နေနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ရမှာက ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်ဖြစ်နေလို့ အကြိတ်အနယ်ကစားရဖို့ရှိနေပါပြီ။