မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ အသင်းကစားသမားတွေအတွက် သီးသန့်အော်ဒါမှာထားတဲ့ ရေခဲမုန့်ကားပေါ်တက်ပြီး ရေခဲမုန့်သည် တစ်ယောက်အဖြစ် ရေခဲမုန့်တွေကို ထည့်ပေးရင်း ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရှိရပါတယ်။ ဟာလန်း၊ ဂရီလစ်ရှ်တို့အပါအဝင် မန်စီးတီကစားသမားတွေဟာ ဆုဖလားသုံးလုံး အောင်မြင်မှုအတွက် အကြီးအကျယ် အောင်ပွဲခံခဲ့တာပါ။
ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ ဟာလန်းကလည်း ရွှေရောင်အင်္ကျီကို ဝတ်ဆင်ပြီး အခုလိုမျိုး ထူးထူးဆန်းဆန်း အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရေခဲမုန့်ကားရဲ့ ပိုင်ရှင်ဖြစ်သူ အဇမ်က မန်စီးတီးကစားသမားတွေအတွက် ရေခဲမုန့် ဝန်ဆောင်မှု ပေးဖို့ အောင်ပွဲခံရာ အနီးအနားကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဟာလန်းက ဒီလိုမျိုး ပြုမူခဲ့ပုံကို ပြန်လည် ဖွင့်ဟခဲ့ပါတယ်။
အဇမ်က “မန်စီးတီးကစားသမားတွေက လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူတို့ရဲ့ အောင်ပွဲခံအခမ်းအနားအတွက် ကျွန်တော့်ကို Booking ကြိုလုပ်ထားခဲ့တာပါ။ ကျွန်တော်လည်း အဲ့ဒီကို သွားပြီး သူတို့အတွက် ရေခဲမုန့် အခု (၂၀၀) ကနေ (၃၀၀) အထိ လုပ်ပေးခဲ့ရပါတယ်။ နောက်တော့ ဟာလန်းက ကျွန်တော့်ဆီကိုလာပြီး ရေခဲမုန့်စားချင်တယ်၊ ဒါပေမယ့် အပြာရောင်လေးပဲဆိုပြီး ပြောပါတယ်”
“ပြီးတော့ သူက ကျွန်တော့်ကို ဝင်ခွင့်တောင်းပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ခွင့်ပြုလိုက်ရော သူက အထဲဝင်လာပြီး လူ (၁၅) ယောက်၊ အယောက် (၂၀) လောက်အတွက် ရေခဲမုန့်တွေ ထည့်ပေးသွားပါတယ်။ သူက သူ့စိတ်ကြိုက်အရသာတွေကို ထည့်ပေးခဲ့တာဖြစ်ပြီး ကျွန်တော့် ရေခဲမုန့်အရသာတွေက မယုံကြည်နိုင်လောက်အောင် ကောင်းတယ်လို့လည်း ပြောခဲ့ပါသေးတယ်” လို့ ပြန်လည် ဖွင့်ဟသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း အဇမ်က “သူ ကျွန်တော့်ဆီကိုလာပြီး ဒီလိုမျိုး ရေခဲမုန့်တွေ ထည့်ပေးမယ်၊ စားမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မန်စီးတီးကစားသမားတွေထဲမှာ ကျွန်တော် သိတာဆိုလို့ သူပဲ ရှိတာပါ။ သူက တကယ်ကို ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော့်ကို ည (၁၁) နာရီအထိပဲ ခေါ်ထားတာပါ။ ဒါပေမယ့် လူပေါင်းများစွာကြောင့် ကျွန်တော် ထွက်လို့မရခဲ့ပါဘူး။ ဟာလန်းက ည (၁၂) နာရီခွဲလောက်မှာ ကျွန်တော့်ဆီ ရောက်လာပြီး ကျွန်တော်က ပိတ်ပြီပြောတော့ လက်မခံပါဘူး။ လူတွေကလည်း ဟာလန်းလေ၊ မန်စီးတီးကစားသမားလေ၊ ခင်ဗျား ရေခဲမုန့် မရောင်းတော့ဘူးလားလို့ မေးတော့ ကျွန်တော်လည်း ခင်ဗျားအတွက်ဆိုရင် (၂၄) နာရီ (၇) ရက် ဖွင့်ပါတယ်လို့ ပြန်ပြောလိုက်တာပေါ့”
“သူကလည်း ခင်ဗျားပိတ်လိုက်ပြီဆိုလည်း အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားအတွက် ဆိုင်ဖွင့်ပေးမယ်ဆိုပြီး ရေခဲမုန့်တွေ ရောင်းသွားခဲ့တာပါ။ ကျွန်တော် အရိုးသားဆုံးပြောရရင် တကယ်ကို ပျော်ပါတယ်” လို့ အောင်ပွဲခံအခမ်းအနားက အဖြစ်အပျက်တွေအကြောင်းကို ပြန်ပြောင်း ပြောကြားသွားခဲ့ပါတယ်။