ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့က ချန်ပီယံလိဂ်မှာထက် ပိုခက်တယ်လို့ ပြောခဲ့တာပါ။

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ်က ချန်ပီယံလိဂ်ဖလားထက်စာရင် ပရီးမီးယားလိဂ်ချန်ပီယံဆုက ဆွတ်ခူးဖို့ ပိုမိုခက်ခဲတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ ဟာဆန်ဟက်တဲလ်ဟာ ဒီကနေ့ည လီဗာပူးနဲ့ပွဲကိုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတပွဲလို ရင်ဆိုင်သွားမယ်လို့ ပြောကြားထားပါသေးတယ်။



ဟာဆန်ဟက်တဲလ်ရဲ့အသင်းဟာ နောက်ဆုံး (၁၁) ပွဲမှာ (၁) ပွဲသာ အနိုင်ရပြီး ရလဒ်တွေဆိုးရွားနေတဲ့ အသင်းပါ။ ဒါပေမယ့်လည်း အမှတ်လိုအပ်ချက် ကြီးကြီးမားမား မရှိတာကြောင့် လီဗာပူးနဲ့ပွဲကို ဖိအားကင်းကင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သရေတောင်ကျလို့မရပါဘူး။

လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး ခြေချော်တာကို စောင့်ရမယ့် အနေအထားမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ တက်ရောက်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲတို့နဲ့ ပတ်သက်လို့လည်း ဟာဆန်ဟက်တဲလ်က အခုလိုပဲ ပြောကြားလာပါတယ်။

ဟာဆန်ဟက်တဲလ်က “ပရီးမီးယားလိဂ်ချန်ပီယံဆုက အခက်ခဲဆုံးပဲလို့ အခုချိန်ထိ လူတိုင်းက ခေါင်းစဥ်တပ်ထားဆဲပါ။ ကျနော့်အတွက်လည်း ပွဲစဥ် (၃၈) ပွဲလုံးကို တည်တည်ငြိမ်ငြိမ် ကစားပြီး ထိပ်ဆုံးမှာ ရပ်တည်ဖို့ဆိုတာက တခါတလေ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တာထက် ပိုခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းကလည်း သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဖလားမှာ တခုပဲ ရွေးရမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကိုသာ ရွေးချယ်မယ်လို့ ဒီရာသီအစောပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတသင်းဖြစ်လာပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့တော့ လွဲချော်နေဆဲပါ။

လီဗာပူးကတော့ ဥရောပမှာ အအောင်မြင်ဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း တကြိမ်သာ ချန်ပီယံဖြစ်ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း အခု ဟာဆန်ဟက်တဲလ်ရဲ့ ပြောစကားက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရုန်းကန်နေရသေးတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် လီဗာပူးကို ဒီညပွဲမတိုင်ခင် သွယ်ဝိုက်ထိုးနှက်လိုက်တယ်လို့ ယူဆရပါတယ်။ 

Share

Loading Next Article...
က္က