ဒီနှစ်အတွက် ဘလွန်းဒီအောဆုဆန်ခါတင် အယောက် ၃၀ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားတွေဖြစ်တဲ့ တိုနီခရူးစ်၊ ဗယ်လ်ဗာဒီ နဲ့ အလာဘာတို့ မပါဝင်ခဲ့တဲ့အပေါ် ပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။ အဆိုပါကစားသမားတွေဟာ ရီးရဲလ်က လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ရာမှာ အဓိကကျတဲ့ကစားသမားတွေဖြစ်ခဲ့တာပါ။
ဗယ်လ်ဗာဒီကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ တလုံးတည်းသောအနိုင်ဂိုးကို ဖန်တီးပေးခဲ့သူဖြစ်သလို တိုနီခရူးစ်ကလည်း တရာသီလုံးမှာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ အသင်းကွင်းလယ်လူကို မိုဒရစ်နဲ့အတူ ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ခံလူအလာဘာကလည်း အသင်းကိုရောက်တဲ့ ပထမဆုံးရာသီမှာပဲ အဓိကကစားသမားဖြစ်ခဲ့ပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
သူတို့ ၃ ဦးမပါဝင်ခဲ့ပေမယ့် အခြားသောကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ ကော်တွိုက်စ်၊ ဗင်နီရှင်၊ ကက်စ်မဲရိုး၊ မိုဒရစ်တို့ကတော့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကတော့ ဗယ်လ်ဗာဒီကို ထည့်သွင်းသင့်တယ်လို့ ပြောဆိုခဲ့ကြပြီး သူ့ရဲ့ ပုံမှန်နေရာမဟုတ်တဲ့ ကွင်းလယ်ညာခြမ်းနဲ့ တောင်ပံနေရာတွေမှာ ကစားပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာကို ထောက်ပြခဲ့ကြပါတယ်။
ဒီနှစ်အတွက် ဘလွန်းဒီအောဆုပေးပွဲကိုတော့ ပဲရစ်မှာ ကျင်းပမှာဖြစ်ကာ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက် ဆုကိုတော့ လီယွန်နယ်မက်ဆီက ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အတွက် ဆန်ခါတင် ၃၀ ဦးစာရင်းမှာတော့ မက်ဆီမပါဝင်ခဲ့ဘဲ ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကျန်နေရစ်ခဲ့တာဖြစ်ပါတယ်။