ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နည်းနည်းလေးတောင် အစွန်းအထင်းမခံတဲ့ စပါးက အင်အားပြည့်လူစာရင်းကိုပဲ ပွဲထုတ်ပြီး ဘန်လေကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။ ဘန်လေအတွက်ကလည်း တန်းမဆင်းရဖို့ဆိုရင် သရေတောင်မျှော်ကိုးလို့မရဘဲ ကိုယ့်တာကိုယ်လုံဖို့ အနိုင်ရလဒ် လိုအပ်ခဲ့ပါတယ်။
ဒါပေမယ့် ပထမပိုင်းမှာတော့ စပါးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှု၊ အခွင့်အရေးအသာနဲ့ ဘန်လေကို ဖိအားပေးကစားခဲ့ပါတယ်။ စပါးတိုက်စစ်က ဒီပွဲမှာ ပုံမှန်ပွဲထွက်နေကျ ကူလူဆက်ဗ်စကီးနေရာမှာ လူးကပ်စ်မော်ရာ ပါဝင်လာတာကလွဲလို့ အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ပါဘူး။ ပထမပိုင်းမှာ အချိန်ပြည့်နီးပါး တိုက်စစ်ဆင်နေခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှပဲ စပါးတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘန်လေက ချေပဂိုးရဖို့ ပြန်လည်ဖိအားပေးလာခဲ့ပေမယ့် စပါးဂိုးသမားနဲ့ခံစစ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့တာမျိုး မရှိပါဘူး။ စပါးကလည်း ဆွန်ဟောင်မင်ရဲ့ကန်ချက်ကို နစ်ခ်ပုပ်အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့တာအပါအဝင် အခွင့်အရေးတွေ ဂိုးထပ်မဖြစ်ခဲ့တာကြောင့် ဟာရီကိန်းရဲ့တလုံးတည်းသော ပင်နယ်တီဂိုးနဲ့ပဲ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့ပါတယ်။
စပါးအနေနဲ့ ဒီရလဒ်ကြောင့် မနက်ဖြန် အာဆင်နယ်ရဲ့ အဝေးကွင်းပွဲမတိုင်ခင်မှာ အဆင့် (၄) နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ တကယ်လို့သာ အာဆင်နယ်ခြေချော်ပြီး သရေ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့ရင်တော့ စပါးတို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားမှာပါ။ စပါးဟာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် နော့ဝစ်ချ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။