စပါးအသင်းခေါင်းဆောင် ဂိုးသမား လိုရစ်က ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ကို စပါးတို့ရရှိမယ်ဆိုတဲ့အပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာကို အာဆင်နယ်၊ စပါး၊ ယူနိုက်တက်တို့ အပြိုင်အဆိုင်ဖြစ်နေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က ဒီတနေရာသာ ကျန်ရှိတော့တာဖြစ်ပြီး အာဆင်နယ်ကတော့ ပွဲကျန်တွေရှိသေးတာကြောင့် ကျန်တဲ့ပြိုင်ဘက်တွေထက် အခြေအနေပိုကောင်းနေပါတယ်။ စပါးဟာ အာဆင်နယ်ထက် တပွဲပိုကစား (၃) မှတ်လျော့နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒီအတွက် စပါးဂိုးသမား လိုရစ်က “(၉) ပွဲကစားဖို့ ကျန်သေးတယ်ဆိုတော့ ရမှတ် (၂၇) မှတ် ရှိနေပါသေးတယ်။ ကျနော်တို့ တည်ငြိမ်မှုရှိဖို့ပဲလိုအပ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျနော်တို့ရမယ်ဆိုတာ ယုံကြည်ထားပါတယ်။ ရည်မှန်းချက်မြင့်မြင့်ထားပြီး တွန်းအားပေးနေဖို့က အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်”
“အခု နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အကောင်းဆုံးပြန်လာဖို့ နောက်ဆုံး အဆုံးအဖြတ်ကို သန်သန်မာမာနဲ့ ဆင်နွှဲနိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့လည်း အရေးပါ,ပါတယ်။ တပွဲမှာ အကောင်းဆုံးပုံစံပြနိုင်ပေမယ့် နောက်တပွဲမှာတော့ ခြေကျသွားနိုင်ပါတယ်။ အရည်အချင်းနဲ့ ပတ်သက်လို့တော့ သံသယဖြစ်စရာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
စပါးနဲ့အာဆင်နယ်တို့ စပါးအိမ်ကွင်းမှာ ထိပ်တိုက်တွေ့ရမယ့် ပွဲစဥ်တပွဲကျန်သေးပြီး ဒီပွဲကိုတော့ ဘယ်နေ့မှာ ကစားမယ်ဆိုတာကို အခုထက်ထိ တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။