အာဆင်နယ်ပရိသတ်တွေဟာ မနေ့ညက မာဆေးလ်နဲ့ စပါးတို့ရဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဥ်မှာ မာဆေးလ်အတွက် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း ကိုလာဆီနက်ကို ဒေါသပေါက်ကွဲနေကြကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ စပါးက မာဆေးလ်ကို ၁-၂ ဂိုးနဲ့ အနိုင်ရကာ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ မာဆေးလ်က နောက်ခံလူ အမ်ဘမ်ဘာရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဆန်းချက်ဇ်ရဲ့ ကန်ချက်တွေကိုလည်း လိုရစ်နဲ့ စပါးနောက်တန်းက အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လန်းဂ်လတ်က စပါးအတွက် ချေပဂိုးသွင်းပေးခဲ့ပြီး နောက်ဆုံးမိနစ်မှာတော့ ဟို့ချ်ဘာ့ချ်က စပါးအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
ဟို့ချ်ဘာ့ချ်ရဲ့ အနိုင်ဂိုးမပေးရခင်မှာ အိမ်ရှင်မာဆေးလ်တို့ အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် လူစားဝင်ကစားသမား ကိုလာဆီနက်ကတော့ အပိုင်ခေါင်းတိုက်ခွင့်တကြိမ်ကို ဂိုးဝင်အောင် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒီအခွင့်အရေးက သေချာပေါက် ဂိုးဖြစ်ပြီလို့ အားလုံးက ယူဆခဲ့ကြပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ အာဆင်နယ်ကစားသမားဟောင်း ကိုလာဆီနက်ရဲ့ ခေါင်းတိုက်ချက်က ဂိုးဘေးကပ်ထွက်သွားခဲ့တာပါ။
အာဆင်နယ်ပရိသတ်တွေက “ကိုလာဆီနက်က ဒီပွဲကို အနိုင်ရလိုက်သင့်တာပါ။ ဒါက တော်တော်ရက်စက်တဲ့ လွဲချော်မှုပါပဲ” “ကိုလာဆီနက်က အာဆင်နယ်ကနေ ထွက်သွားပြီးလို့ ကြာတာတောင် ဘာကြောင့် အာဆင်နယ်ပရိသတ်တွေကို အခုချိန်ထိ ညှင်းပန်းနှိပ်စက်နေရတာလဲ” အစရှိသဖြင့် အမျိုးမျိုး ဝေဖန်ပြစ်တင်နေကြပါတယ်။
အာဆင်နယ်နဲ့ စပါးတို့ဟာ ခါးသီးတဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ရာသီမှာလည်း စပါးက အာဆင်နယ်ကို ရာသီကုန်ခါနီးမှ ကျော်တက်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက မနေ့ကပွဲမှာ မာဆေးလ်ကို အားပေးခဲ့ဟန်ရှိပြီး ကစားသမားဟောင်း ကိုလာဆီနက်ကပဲ အသည်းပြန်ခွဲသွားခဲ့တယ်လို့ ဆိုရတော့မှာပဲဖြစ်ပါတယ်။