ပွဲအစ (၉) မိနစ်မှာ ဆာကာရဲ့ ပင်နယ်တီနဲ့ အဖွင့်ဂိုးရရှိခဲ့တဲ့နောက် ဂျီးဆပ်စ်က နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး လေးဂိုးမြောက်သွင်းဂိုးကိုလည်း ဆာကာကပဲ သွင်းယူခဲ့ပါတယ်။ နှစ်သင်းလုံးက ဒီပွဲမှာတောင့်တင်းတဲ့လူစာရင်းကို ပွဲထွက်လာခဲ့ပြီး အာဆင်နယ်က ဇင်ချန်ကို၊ ဆာလီဘာ၊ မာတီနယ်လီ၊ ရမ်စ်ဒေးလ်၊ ပါတေးတို့ ပါဝင်ခဲ့ပါတယ်။
ဆီဗီလာကလည်း လာမယ်လာ၊ အယ်လ်နက်စ်ရီ၊ ရာကီတစ်၊ အိုလီဗာတောရက်စ်၊ ဖာနန်ဒို၊ နာဗက်စ်တို့ ပါဝင်ခဲ့ပါတယ်။ ဆီဗီလာရဲ့ ကစားပုံကတော့ ဒီပွဲမှာ ထိရောက်မှုမရှိခဲ့ဘဲ အာဆင်နယ်က တိုက်စစ်ကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်၊ အခွင့်အရေးတွေဖန်တီးပြီး ဂိုးတွေအရယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂျီးဆပ်စ်က အာဆင်နယ်ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးဟက်ထရစ်ဂိုးကို ရခဲ့သလို လူစားဝင်ကစားသမား အန်ကီတီယာက ပွဲသိမ်းဂိုးကို သွင်းယူပေးပြီး အာဆင်နယ်တို့ ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်ကတော့ လာမယ့်သောကြာနေ့မှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရတော့မှာပါ။ အခုပွဲမှာ ပွဲထွက်ခဲ့တဲ့လူစာရင်းက ပရီးမီးယားလိဂ်အတွက် အဓိက အခြေခံဖြစ်လာနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ ခြေစမ်းပွဲတွေမှာ ဂျီးဆပ်စ် ဆက်တိုက် ဂိုးပေါက်တွေ့နေတာက ကျေနပ်အားရစရာပါ။
ဒီပွဲမစခင်မှာလည်း (၂၀၁၉) မှာ ယာဥ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တဲ့ နှစ်သင်းရဲ့ ကစားသမားဟောင်း ရီးယက်စ်အတွက် အောက်မေ့အခမ်းအနားကို ပြုလုပ်ခဲ့ပါသေးတယ်။ ပွဲမစခင်နဲ့ ပွဲချိန် (၉) မိနစ် (ရီးယက်စ်က အာဆင်နယ်မှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်ခဲ့) တို့မှာ တမိနစ်ကြာ လက်ခုပ်တီးကာ အောက်မေ့သတိရကြောင်း ပြသခဲ့ကြပါတယ်။