ချယ်လ်ဆီးကို မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ရာသီကို ယူရိုပါလိဂ်ပြိုင်ပွဲသာ ဝင်ရောက်ကစားရတော့မှာဖြစ်ပြီး ဒါဟာ ကလော့ပ်လက်ထက် ရာသီအပြည့်တာဝန်ယူခဲ့တဲ့ နှစ်တွေမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်က ချယ်လ်ဆိးကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာပဲ ဆာလာက သူ့ရဲ့ တွစ်တာမှာ သူ စိတ်ပျက်လက်ပျက်ဖြစ်ရတယ်လို့ ရေးသားသွားခဲ့ပါတယ်။ လီဗာပူးလ်အတွက် ဒီရာသီမှာ ဂိုးအများဆုံးသွင်းယူပေးသူအဖြစ် ရှိနေတဲ့ ဆာလာက ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တာဟာ အသင်းနဲ့ ကိုယ့်ကိုကိုယ် နိမ့်ကျစေခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။
"ကျနော် တကယ်ကို စိတ်ပျက်ခဲ့ရပါတယ်၊ ဒီအတွက်လည်း ဘာအကြောင်းပြချက်မှ၊ ဆင်ခြေမှ မရှိပါဘူး၊ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုအပ်တာအားလုံး ကျနော်တို့မှာ ရှိခဲ့ပေမယ့် ကျရှုံးခဲ့ရပါတယ်၊ ကျနော်တို့က လီဗာပူးလ်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာက အနိမ့်ဆုံးအဆင့်ဖြစ်ရမှာပါ၊ ဒီအတွက် ကျနော် တောင်းပန်ပါတယ်"
:ကျနော်တို့က ပရိသတ်တွေနဲ့ ကိုယ့်ကိုကိုယ် နိမ့်ကျစေခဲ့တာပါ" လို့ ဆာလာက ရေးသားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ရာသီနောက်ဆုံးပွဲတွေမှာ နိုင်ပွဲတွေ ဆက်တိုက်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တနေရာကို မျှော်လင့်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူတို့က ဖိအားပေးချိန်မှာ ယူနိုက်တက်ကလည်း နိုင်ပွဲတွေ ပြန်ယူခဲ့ပြီး လီဗာပူးလ်ကို နောက်ကောက်ချပစ်ခဲ့ပါတယ်။
ဒါကြောင့် လက်ကျန် ၁ပွဲအလိုမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖြေပေါ်လာခဲ့ပြီး ယူနိုက်တက်ပွဲအပြီးမှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ ယူနိုက်တက်ပရိသတ်တွေ ပျော်ရွှင်နေလိမ့်မယ်လို့ လှောင်ပြောင်သွားခဲ့ပါသေးတယ်။