ဆဲလ်တစ်တိုက်စစ်မှူးနဲ့ BT Sport ရဲ့ တင်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ ခရစ္စဆပ်တန်က ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲအပြီးမှာ အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကို လှောင်ပြောင်ပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရရှိခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းပိုင်ဆိုင်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အသင်းသားတွေစုကာ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ခရစ္စဆပ်တန်ကတော့ ဒီလုပ်ရပ်အပေါ်မှာ မနှစ်မျို့ဘဲဖြစ်နေခဲ့ပြီး ရှက်စရာကောင်းတဲ့အောင်ပွဲခံမှုလို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလအတွင်းက ၀ုလ်ဗ်ကိုအနိုင်ရအပြီး အောင်ပွဲခံချိန်မှာလည်း ၀ုလ်ဗ်ကွင်းလယ်လူနီဗက်စ်က အလားတူပြောဆိုခဲ့မှုကို ပြန်အမှတ်ရစရာဖြစ်ခဲ့ရပါတယ်။
ဆပ်တန်က "အာဆင်နယ်အောင်ပွဲခံသွားတာက အမှတ်ပေးဖလားကို ရသွားသလိုပဲ" လို့ တွစ်တာမှာ ရေးသားပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်မရတာ နှစ်အနည်းငယ်ကြာနေခဲ့ပြီဖြစ်ပြီး ဒီရာသီမှာတော့ တကျော့ပြန်ဝင်ကစားနိုင်ဖို့ရာ စပါးနဲ့အပြိုင်ဖြစ်နေခဲ့ပြီး လက်ရှိမှာတော့ အဆင့် ၃ နေရာကိုပါ မျှော်လင့်နိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာကတော့ သူ့အသင်းကို နိုင်ပွဲတွေရပြီးတိုင်းမှာ အောင်ပွဲခံဖို့အတွက် ဒီနှစ်အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။ သူက "နိုင်ပွဲတိုင်းအတွက် အောင်ပွဲခံဖို့ ကျနော် သူတို့ကို အားပေးပါတယ်၊ ဘာလို့လဲဆိုတော့ ဒီမှာက ဘောလုံးပွဲတပွဲကိုအနိုင်ရဖို့ဆိုတာအရမ်းခက်ခဲလွန်းလို့ပါ"
"ကျနော်တို့ပရိသတ်တွေကလည်း ဒီအတိုင်းပါပဲ၊ ကျနော်တို့ အနိုင်ရတဲ့အချိန်တိုင်းမှာ အောင်ပွဲခံသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ အသင်းအရေးနိမ့်တာ ဒါမှမဟုတ် သရေကျပြီဆိုရင် အားလုံးရဲ့မျက်နှာတွေက စိတ်မကောင်းဖြစ်နေကြတာပါ" လို့ အဲဒီတုန်းက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အသင်းအောင်ပွဲခံချိန်တိုင်းမှာတော့ လှောင်ပြောင်ပြစ်တင်မှုတွေကလည်း အမြဲတမ်းရှိနေခဲ့တာဖြစ်ပါတယ်။