အသင်းဟောင်းရဲ့ တိုးတက်မှုကို ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းကြီး ရှကိုဒရန်မူစတာဖီက သူ့ရဲ့ ဂန်းနားဟောင်းတွေဟာ ဒီရာသီမှာ ဒုတိယနေရာနဲ့ ပြီးဆုံးခဲ့မယ်ဆိုရင်တောင်မှ အမှတ်ပေးဖလားကို ရယူထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ၈ မှတ်အသာရနေရာကနေ လက်ရှိမှာတော့ ၂ပွဲပိုကစားပြီးချိန်မှာ ၂မှတ်သာကွာဟတော့လို့ အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်က နည်းပါးနေခဲ့ပါပြီ။ 

နောက်ဆုံးကစားခဲ့တဲ့ ၄ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့အပြီး မန်စီးတီးကို အခွင့်အရေးပေးသလိုဖြစ်ခဲ့ရကာ ဒီနေ့ကစားမယ့် မန်စီးတီးက အနိုင်ရမယ်ဆိုရင် အဆင့် ၁ နေရာကို ဖယ်ပေးရမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မူစတာဖီကတော့ သူ့အသင်းဟောင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရမယ်ဆိုတာက ဆုဖလားရသလိုပဲလို့ ပြောဆိုသွားခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ် မူစတာဖီက "အာစင်ဝင်းဂါး ထွက်ခွာသွားကတည်းက အာဆင်နယ်က ချန်ပီယံလိဂ်မှာ မကစားရတော့တာပါ၊ ကျနော့်အမြင်မှာတော့ အသင်းက အာတီတာလက်အောက်မှာ အများကြီး တိုးတက်လာခဲ့ပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်၊ တကြိမ်တည်းနဲ့ လက်စတာတို့ ၂၀၁၆ မှာ ချန်ပီယံဖြစ်ခဲ့ပြီး မတည်ဆောက်နိုင်ခဲ့တာထက် အခုလို တည်ဆောက်ထားတာက ပိုအရေးကြီးပါတယ်"

"အာဆင်နယ်က အမှတ်ပေးဖလားကို ရယူထားခဲ့ပြီးပြီလို့ ကျနော်ထင်တယ်၊ သူတို့တွေ နောက်နှစ်မှာ ချန်ပီယံလိဂ်ဝင်ကစားရမှာက အမှတ်ပေးဖလားကို ဆွတ်ခူးသလိုပါပဲ၊ ဘာလို့လဲဆိုတော့ အသင်းက အဲဒီနေရာမှာ ရှိနေရမှာမို့လို့ပါပဲ၊ အာဆင်နယ်က လက်ရှိရာသီလိုမျိုး ရာသီတခုပြီးရင် လိဂ်ဖလားကို ရယူချင်မှာ သေချာပါတယ်"

"ဒါပေမယ့် ရည်မှန်းချက်က တကြိမ်တည်းနဲ့ အမှတ်ပေးဖလားကို ရယူနိုင်တာထက် လာမယ့်နှစ်အနည်းငယ်အတွင်း ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ကစားနေရဖို့ပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ကတော့ ၇ နှစ်ကြာအပြီးမှ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားရမှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က