မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ရဲ့ မဲခွဲပွဲတွေကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမဲခွဲပွဲအပြီးမှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲတွေ မပါဝင်ခဲ့ဘဲ အသင်းကြီးအားလုံးနီးပါးက ပွဲချောင်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးက ပေါ်တို၊ ကိုပင်ဟေဂင်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ပွဲချောင်သွားခဲ့ပါတယ်။ ဒါ့အပြင် အုပ်စု ဒုတိယသာရရှိခဲ့တဲ့ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့ကလည်း ပွဲကျပ်မယ့်အရေးကို ရှောင်လွှဲသွားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီက ဆိုစီဒက်နဲ့သာ ထိပ်တိုက်တွေ့ခဲ့သလို အင်တာမီလန်ကလည်း အက်သလက်တီကိုနဲ့သာ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ခဲ့တယ်ဆိုပေမယ့် ဒီပွဲက အခြားသော အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲလောက် ပရိသတ်တွေကို မဆွဲဆောင်နိုင်ပါဘူး။
အင်တာမီလန်၊ ပီအက်စ်ဂျီတို့ အခုလိုမျိုး အုပ်စုဒုတိယသာ ရရှိခဲ့တာတောင်မှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အတွဲအစပ်မျိုး မရရှိခဲ့တာကို ပရိသတ်တွေက ဝေဖန်နေပါတယ်။ ပရိသတ်တွေက “ဒါဟာ မြင်ဖူးသမျှထဲ အဆိုးရွားဆုံးနဲ့ ပျင်းဖို့ အကောင်းဆုံး ချန်ပီယံလိဂ်မဲခွဲပွဲပဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။
ဘာစီလိုနာက နာပိုလီ၊ ဒေါ့မွန်က ပီအက်စ်ဗွီ၊ ဘိုင်ယန်မြူးနစ်က လာဇီယို၊ ရီးရဲလ်မက်ဒရစ်က လိုက်ပ်ဇစ်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး နာမည်ရှိ အသင်းကြီးအများစုသာ ကွာတားဖိုင်နယ်အဆင့်ကို လွယ်လွယ်ကူကူ တက်ရောက်သွားနိုင်ဖွယ်ရှိပါတယ်။