နှစ်သင်းလုံးမှာ အာဖရိကဖလားပွဲသွားကစားနေရတဲ့ ဇာဟာ၊ ကူယာတေး၊ ဆာလာ၊ မာနေး၊ ကီတာတို့ကလွဲရင် လူစုံပါဝင်ခဲ့ပြီး လီဗာပူးကလည်း ဂိုးသမား အယ်လစ်ဆန် ပြန်ကစားခဲ့ပါတယ်။



ပွဲစတာနဲ့ လီဗာပူးတို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် နောက်တန်း အလဲလဲ အပြိုပြိုဖြစ်ခဲ့ရပါတယ်။ လီဗာပူးတို့ အဖွင့်ဂိုးအတွက်လည်း သိပ်မစောင့်လိုက်ရဘဲ ပွဲကစားချိန် (၆) မိနစ်မှာတင် ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကတဆင့် ဗန်ဒိုက်ချ်က လွတ်လွတ်ကျွတ်ကျွတ်ပဲ ခေါင်းတိုက်သွင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကစားပုံက ထက်မြက်မှုမရှိဘဲ လီဗာပူးကသာ နောက်ထပ်ဂိုးရရှိခဲ့ပါတယ်။ ရော်ဘတ်ဆန်ပေးပို့လိုက်တဲ့ ဘောလုံးကိုပဲ ချိန်ဘာလိန်က ဂိုးဧရိယာထဲမှာ တချက်ထိန်းပြီး အပိုင်ကန်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ လီဗာပူးတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ချေပဂိုးရရှိဖို့ ကြိုးစားလာခဲ့ပြီး လီဗာပူးကတော့ သာမန်ကစားအားနဲ့ ထိန်းချုပ်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ ပွဲကစားချိန် (၅၄) မိနစ်မှာ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ဗန်ဒိုက်ချ်၊ မာတစ်ပ်တို့ကြား အားနည်းချက်ကတဆင့် မာတေတာရဲ့ ဖန်တီးမှုကို အက်ဒွါတ် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ ပွဲကအရမ်းမအေးရင်တောင်မှ စိတ်လှုပ်ရှားစရာ သိပ်မရှိခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်တို့ လိုအပ်နေတဲ့ နောက်ထပ်ချေပဂိုးတဂိုးအတွက် တိုက်စစ်ဆင်ဖို့ ကြိုးစားတာတွေရှိပေမယ့် ထိရောက်မှုတွေ မရှိပါဘူး။ လီဗာပူးကိုကြည့်ရတာ ဖိအားများနေတဲ့ပုံမပေါ်ဘဲ သာမန်အနေအထားနဲ့ ပွဲတပွဲကို နိုင်ရုံလောက် ကစားဖို့ ရည်ရွယ်ခဲ့ပုံပါ။

လီဗာပူးအတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ ပွဲကစားချိန် (၈၈) မိနစ်မှာ ဖာဘင်ဟိုက ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။ ဒီပင်နယ်တီဖြစ်ရပ်မှာ ဂျိုတာကို ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး VAR ပြန်ကြည့်ပြီး ပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးတို့ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ တပွဲလျော့ (၉) မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က