ဝက်သားတုတ်ထိုးကို အရသာကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်းစားချင်သူတွေအတွက် ဖွင့်ထားတာ လပိုင်းလောက်ပဲ ရှိသေးတဲ့ ဦးငယ် ဝက်သားတုတ်ထုးဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့ ဆိုင်ရှင်က ယခင်က စားသောက်ဆိုင်တွေ ဟိုတယ်တွေမှာ စားဖိုမှူးလုပ်ခဲ့တာကြောင့် ဆိုင်သက်တမ်းတိုတိုအတွင်းမှာ လက်ရာကောင်းနဲ့ နာမည်ရနေတဲ့ဆိုင်လေးပါ။
ဦးငယ် ဝက်သားတုတ်ထိုးဆိုင်လေးရဲ့ အစ
ဆိုင်ရှင် ဦးငယ်ဖြစ်သူဟာ ယခင်က စားသောက်ဆိုင်ကြီးတွေ ဟိုတယ်တွေမှာ စားဖိုမှုးအလုပ်လုပ်ကိုင်ခဲ့တာပါ။ ဝန်ထမ်းဘဝနဲ့ နေလာခဲ့ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့ ဆန္ဒအပြင် ကိုယ်တိုင်ကလည်း ဝက်သားတုတ်ထိုးကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဝက်သားတုတ်ထိုးရောင်းဖို့စိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။
“ ကျွန်တော်က fine dinning တွေ မှာ စားဖိုမှုးလုပ်ခဲ့တယ်။ နောက်တော့ အမျိုးသမီးနဲ့ တိုင်ပင်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ဝက်သားတုတ်ထိုးကြိုက်တော့ ဝက်သားတုတ်ထိုးဆိုင်လေးဖွင့်ဖြစ်တာပါ။ ဖွင့်တာက တစ်လလောက်ပဲရှိပါသေးတယ်။ ရေရှည်မှာ သူများလခစားထက်စာရင် ကိုယ်ပိုင်အလုပ်က ပိုပြီးချမ်းသာမယ်ထင်လို့ ကိုယ်ပိုင်လုပ်ငန်းလေး စဖြစ်ခဲ့တာပါ” လို့ ဦးငယ်ဝက်သားတုတ်ထိုးက ဆိုပါတယ်။
စားဖိုမှုးလုပ်ခဲ့တဲ့အတွေ့အကြုံက ကိုယ်ပိုင်လုပ်ငန်းအတွက်အထောက်အကူဖြစ်လာ
ဝန်ထမ်းလုပ်ခဲ့သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ပိုင်လုပ်ငန်းစလုပ်ချိန်မှာ အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အစားအသောက်လုပ်ငန်းနဲ့ ရင်းနှီးသူဖြစ်တာကြောင့် လုပ်ငန်းခွင်ထဲမှာ သင်ယူလေ့လာခဲ့တဲ့ အတွေ့အကြုံတွေက ကိုယ်ပိုင်လုပ်ငန်းလေးအတွက် အထောက်အကူပြုခဲ့ပါတယ်။
“ စစချင်းတော့ ဈေးဝယ်ရတာ အသားကိုင်တာ ဆိုင်ခင်းတာကအစ နည်းနည်းတော့ ခက်ခဲတာပေါ့နော်။ ဒါပေမယ့် နောက်တော့ နေသားကျသွားတာပေါ့။ နဂိုတည်းက ဝက်သားတုတ်ထိုးကြိုက်တဲ့သူဆိုတော့ ဝက်သားတုတ်ထိုးရောင်းရတာကြိုက်တယ်။ ကိုယ့်ဆိုင်လုပ်တာကို ပိုသဘောကျတယ် ဝန်ထမ်းဘဝကျတော့ ဂျူတီချိန်ရှိရင်သွားရတယ်။ Pressure တွေရှိတယ်။ အခုဆို ကိုယ့်ဆိုင်ဆိုတော့ ကိုယ့်သဘောအတိုင်းပဲ။ ကိုယ်ပိတ်လိုက်ရင်တော့ ကိုယ်ပိုက်ဆံမရဘူးပေါ့။ ဒီလိုလေးတွေ တော့ ရှိပါတယ်” လို့ ဆိုပါတယ်။
ဝက်သားတုတ်ထိုးကို အရသာကောင်းအောင် ဘယ်လိုပြင်ဆင်ခဲ့လဲ
ဒီလို ဝက်သားတုတ်ထိုးဆိုင်လေးဖွင့်နိုင်ဖို့အတွက် အရသာပိုင်း၊ သန့်ရှင်းရေးပိုင်းတွေကိုလည်း သေချာပြင်ဆင်ခဲ့ရတယ်လို့ ဦးငယ် ဝက်သားတုတ်ထိုးဆိုင်ရှင်က ဆိုပါတယ်။ မရောင်းခင်မှာ ရန်ကုန်မှာရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်တွေကို သွားရောက်မြည်းစမ်းကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ အိမ်မှာ အရသာကောင်းအောင် ချက်ပြုတ်ပြင်ဆင်ပြီး မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့ အကြုံပြုချက်တွေကိုရယူပြီး အရသာကောင်းတဲ့ ဝက်သားတုတ်ထိုးဆိုင်လေးဖြစ်လာအောင် ပြင်ဆင်ခဲ့ရပါတယ်။
“ ရန်ကုန်က ဝက်သားတုတ်ထိုးဆိုင်တွေက ကျွန်တော်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ပေါ့။ ဆိုင်တွေမှာ လိုက်စားကြည့်တယ်။ ပြီးတော့ စမ်းသပ်လုပ်ကြည့်တယ် မိတ်ဆွေအပေါင်းအသင်းတွေကိုလိုက်မေးတယ် တစ်ချို့က ပေါ့တယ်၊ ငန်တယ်။ အဲဒါနဲ့ အားလုံးကြိုက်မယ့် အရသာပုံစံမျိုးရလာပြီးတော့ စရောင်းဖို့ ဖြစ်ခဲ့တာပါ”
တစ်နေ့ကို ၃ သိန်းကနေ ၅ သိန်းကြားရောင်းရတဲ့အထိဖြစ်လာ
ဆိုင်ဖွင့်စမှာ တစ်ရက်ကို ၂ ပိဿ ၃ ပိဿ ခန့် ရောင်းရာကနေ အခုတော့ တစ်ရက် ၆ ပိဿာ ၈ ပိဿာ လောက်ဖြစ်လာခဲ့ပြီးတော့ အခုတော့ ရောင်းအားကတေ တစ်နေ့ကို ၃ သိန်းကနေ ၅ သိန်းဖိုးအထိ ရောင်းရတယ်လို့သိရပါတယ်။
“ ဝက်သားကို ရေခဲရိုက်အသားမသုံးဘူး။ လတ်ဆက်တဲ့အသား သုံးတယ်။ ဝက်သန့်ရှင်းရေး ဆေးကြောတာက အစ သန့်သန့်ရှင်းရှင်းနဲ့ ကိုယ်စားသလိုပဲ ချက်ပြုတ်တယ်။ ကျွန်တော့်ဆိုင်မှာ ဝက်သားကို အစုံရတယ် ဦးနှောက် အချင်းတိုင် နို့အုံသား အစုံရတယ်။ ကျွန်တော့်ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ အူလေးတွေကို ကျစ်ထားတာပေါ့။ အူကျစ် တုတ်ထိုးပေါ့။ နောက်တော့ ဆိုင်မှာ ရောင်းအားအကောင်းဆုံးက အကြွပ်ကြော်လေးတွေ အဆုတ်ကြော် အူကြော် သုံးထပ်သားကြော် ရောင်းရတာ အများဆုံးပဲ ဝက်သားတုတ်ထိုးထက်စာရင် အကြွပ်ကြော်ကို ပိုကြိုက်တယ်။ စားသုံးသူတွေက ကောင်းကြတယ်ပြောကြတယ်။ “ လို့ ဆိုပါတယ်။
ဆိုင်လေးရဲ့ လိပ်စာ
ဦးငယ် ဝက်သားတုတ်ထိုးဆိုင်မှာ ဝက်သားတုတ်ထိုး တစ်ချောင်းကို ၂၀၀ကျပ်၊ ၃၀၀ ကျပ်နဲ့ အကြွပ်ကြော် တစ်ချောင်း ၂၀၀ ကျပ်တို့ဖြစ်ပြီး ကြာဇံကြော် အသားသုပ် ဝက်ဦးနှောက် ချဉ်စပ်တို့လည်း ရပါတယ်။ အချဉ်ရည်ကို ငရုတ်သီးစိမ်းလေးနဲ့ ပြုလုပ်ထားတာကြောင့် စပ်စပ်ပူပူကြိုက်သူတွေအတွက်လည်း အရသာထိထိမိမိလေးခံစားရမှာပါ။ ဆိုင်လိပ်စာကတော့ မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက် ဘုရင့်နောင်လမ်း မှာပေါ်တည်ရှိပြီး သန့်ရှင်းလတ်ဆက်ပြီးအရသာကောင်းတဲ့ ဝက်သားတုတ်ထိုးကောင်းကောင်းစားချင်သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်နော်။