ချောက်မြို့မှာ ထုတ်ပြန်ထားတဲ့ မာရှယ်လော အချိန်ကြောင့် မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ နေ့တိုင်း ကားတွေ ရာနဲ့ချီပြီး တန်းစီစောင့်ဆိုင်းရလို့ အခက်အခဲဖြစ်နေရတယ်လို့ ကားသမားတွေက ပြောပါတယ်။
မနက် ၄ နာရီကနေ ၁၀ နာရီတစ်ချိန်၊ ညနေ ၅ နာရီကနေ ၇ နာရီတစ်ချိန်သာ ဖြတ်သန်းသွာခွင့်ပြုပြီး ကြားကာလအချိန်တွေမှာ ကားအပါအဝင်အားလုံးကို စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်မပေး တဲ့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး အလုပ်တွေနှောင့်နှေးမှုကြုံနေရတာဖြစ်တယ်လို့ ပြောပါတယ်။
"ဂိတ်တွေကို မနက် ၄နာရီကနေ ၁၀နာရီဖွင့်တယ်၊ ပြီးရင် ညနေ ၅ နာရီကနေ ၇နာရီဖွင့်တယ်။ ကျန်တဲ့အချိန်အကုန်ပိတ်တယ်၊ မြို့ထဲ တွေ့ရင်လည်းဖမ်းတယ်။ ညနေဆို ၂ နာရီလောက်ပြန်ရောက်ရင်လည်း ဂိတ်ဖွင့်ချိန်ထိစောင့်ရတယ်။ ဂိတ်နဲ့အဝေးမှာပဲရပ်ရတာ။ ငါးနာရီမှ ဂိတ်နားကို လာတန်းစီခိုင်းတာ။ အလုပ်တွေကြန့်ကြာတာပေါ့။ ၁၁ လောက်ကတည်းက ရောက်တဲ့သူဆို စောင့်လေရော ညနေအထိ၊ ကိုယ့်စားစရာကိုယ့်ဘာသာပြင်ဆင်လာပေါ့ " လို့ ချောက် နဲ့ မကွေး ကားပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
ချောက်မြို့ကို ဖြတ်သန်းမောင်းနှင်ဖို့အတွက် ဆိတ်ဖြူစစ်ဆေးရေးဂိတ်၊ ရွှေပုံတောင်စစ်ဆေးရေးဂိတ်၊မိုလာစစ်ဆေးရေးဂိတ် ၃ ခု ရှိကြောင်း အဲ့ဒီဂိတ်တွေမှာ နေ့စဉ် ကားတွေပိတ်မိပြီး စောင့်ဆိုင်းနေရတာဖြစ်တယ်လို့ သိရပါတယ် ။
ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း စာရွက်ပြသနိုင်သူတွေကိုသာ အဲ့ဒီဂိတ်တွေကနေဖြတ်သန်းသွားလာခွင့်ပြုမယ်လို့လည်း အသိပေးပြောဆိုတာမျိုးရှိတယ်လို့ ကားသမားတွေဆီကသိရပါတယ်။
" မိုလာဂိတ်က ပြောလာတာရှိတယ်။ နောက်ရက်တွေ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ဖြတ်ရမယ်။စာရွက်ပြရမယ်ပေါ့။ မပါရင်ဂိတ်ကနေလှည့်ပြန်ရမယ်လို့ပြောတယ်။ မထိုးရသေးရင် ဆေးထိုးနိုင်ဖို့လည်း လုပ်ပေးထားတယ် ဝင်ထိုးလို့ရတယ်လို့ပြောတယ် " လို့ ကားသမားတဦးကပြောပါတယ်။
ဒါကြောင့် အဲ့ဒီချောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွေကို မဖြစ်မနေဖြတ်သန်းသွားလာဖို့လိုအပ်သူတွေကသာ ဂိတ်မှာတန်းစီပြီးစောင့်ဆိုင်းသွားလာမှုရှိကြောင်း၊ ဂိတ်တစ်ခုတိုင်းတွင်း နေ့စဉ် ကားပိတ်ဆို့မှုက ကားအစီးရေ ၁၀၀ အထက်ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ချောက်မြို့မှာ မာရှယ်လောအချိန်ကို ဇူလိုင်လကတည်းကသတ်မှတ်ထားတာ ဖြစ်ပါတယ်။
Share