ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က ကာရင်တန်ကိုရောက်ရှိလာခဲ့ပြီးနောက် နည်းပြတန်ဟက်ခ်အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးမှုတွေက အပေါင်းလက္ခဏာဆောင်တဲ့ အဖြေတခုကို မရရှိခဲ့ဘဲ နှစ်ဖက်လုံးက တင်းခံနေရင်းနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အင်္ဂါနေ့မနက်ပိုင်းမှာ မက်ဒရစ်မြို့ကနေ ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ မန်ချက်စတာကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့အတူ ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်ကို ကိုယ်တိုင် ကားမောင်းပြီး မနက် (၁၀) နာရီမှာ ရောက်လာခဲ့ပါတယ်။ ဖာဂူဆန်လည်း ကာရင်တန်ကို ရောက်ရှိလာခဲ့တာကြောင့် ရော်နယ်ဒိုနဲ့ ဆွေးနွေးသွားမယ်လို့ အားလုံးက မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် သတင်းတွေအရ ဖာဂူဆန်ဟာ ဘရိုင်ယန်ရော့ဘ်ဆင်၊ ဒေးဗစ်ဂီးလ်၊ အသင်းအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်တို့နဲ့ ကြိုတင်စီစဥ်ထားပြီးဖြစ်တဲ့ ဘုတ်အဖွဲ့အစည်းအဝေးအတွက် ရောက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုက ဆွေးနွေးမှုတွေ မစတင်ခင်မှာ သူ့ရဲ့ဆရာဟောင်း ဖာဂူဆန်၊ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန်ရော့ဘ်ဆင်တို့ကို အသင်းရဲ့စားသောက်ခန်းမှာ သွားရောက်နှုတ်ဆက်ခဲ့ပါသေးတယ်။
ဆွေးနွေးမှုအပြီးမှာ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ ရစ်ချက်အာနိုးလ်တို့ သီးသန့်ဆွေးနွေးဖို့ စီစဥ်ထားဟန်ရှိပေမယ့် အသင်းဘက်က အစီအစဥ်အသေးစိတ်ကို ထုတ်ဖော်ပြောကြားလိုခြင်းမရှိပါဘူး။ ဂျော့ချ်မန်ဒက်စ်ဘက်ကတော့ ရော်နယ်ဒိုအတွက် ရစ်ချက်အာနိုးလ်ရဲ့ အလေးအနက်ထားကြိုးစားမှုအပေါ် အထင်ကြီးလေးစားနေပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုအလိုရှိနေတဲ့ ချန်ပီယံလိဂ်ကစားခွင့်က လာမယ့်ရာသီမှာ ဘယ်လိုမှမဖြစ်နိုင်ဘဲ ရော်နယ်ဒိုအနေနဲ့ အသင်းကထွက်မယ့် သူ့ရဲ့ဆန္ဒကို လုံးဝမပြောင်းလဲနိုင်ဖြစ်နေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ရော်နယ်ဒိုကို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် ဒီကိစ္စက လိပ်ခဲတည်းလည်းဖြစ်နေဦးမယ့် ကိစ္စအဖြစ် သုံးသပ်နေကြပါတယ်။