ဖရန်ကီဒီဂျောင်အတွက် အကြမ်းဖျင်းသဘောတူညီမှုရရှိခဲ့တာပါ။

ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုခေါ်ယူဖို့ အကြမ်းဖျင်း သဘောတူညီမှုရရှိခဲ့ပြီလို့ စကိုင်းစပေါ့သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါကစားသမားအတွက် ယူနိုက်တက်တို့ တလဝန်းကျင်ကြာ ကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်။



ဖရန်ကီဒီဂျောင်အတွက် ယူနိုက်တက်က ကနဦးပြောင်းရွှေ့ကြေး ယူရို (၆၅) သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး အပိုဆုကြေးတွေ ထပ်မံပါဝင်ဦးမှာပါ။ အပိုဆုကြေးကတော့ ယူရိုသန်း (၂၀) ဝန်းကျင်ရှိနိုင်မယ်လို့ ခန့်မှန်းရပြီး ဒီပမာဏက ဘာစီလိုနာ အလိုရှိနေတဲ့ပမာဏလည်းဖြစ်ပါတယ်။ ကစားသမားဘက်ကတော့ အေဂျက်စ်မှာ လက်တွဲဖူးတဲ့ ဆရာဟောင်း တန်ဟက်ခ်နဲ့ ယူနိုက်တက်မှာ လက်တွဲရမယ့်အပေါ် ပြဿနာတစုံတရာမရှိပါဘူး။

မကြာခင်မှာပဲ အသေးစိတ်ဆွေးနွေးမှုတွေ အဆုံးသတ်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တရားဝင်ကြေညာသွားဖွယ်ရှိပါတယ်။ ဒီဂျောင်ဟာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်အတွက် အမြဲတမ်း ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ပြီး ဒီကစားသမားအတွက် ညှိနှိုင်းမှုတွေကြာမြင့်နေတဲ့အပေါ် ပရိသတ်တွေက အားမလို အားမရဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဘာစီလိုနာအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲ သဘောတူညီမှုရရှိခဲ့တာပါ။

ဖရန်ကီဒီဂျောင်ပြီးတဲ့နောက်မှာတော့ ယူနိုက်တက်ဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ဆက်လက်ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ အေဂျက်စ်က အန်တိုနီ၊ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကို စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားတွေအတွက် ပေါင်သန်း (၁၀၀) ကျော် အနည်းဆုံးအသုံးပြုရမှာပါ။

လက်ရှိနွေမှာ တန်ဟက်ခ်အတွက် ပြောင်းရွှေ့ကြေးအသုံးစရိတ်က ပေါင်သန်း (၁၀၀) ဝန်းကျင်သာရရှိထားပြီး အခု ဒီဂျောင်အတွက်နဲ့တင် တဝက်ကျော် ကုန်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အေဂျက်စ်ကြယ်ပွင့်တွေအတွက် ယူနိုက်တက်တို့ ဘယ်လိုမျိုး ကြိုးစားဦးမလဲဆိုတာကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က