ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါဟာ ရှက်တာဒိုးနတ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီမှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ရတော့မလိုဖြစ်နေတဲ့ ရီးရဲလ်တို့ ရူဒီဂါကြောင့် အသက်ရှူချောင်ခဲ့ပြီး သရေတမှတ်ရယူနိုင်ခဲ့ကာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ရူဒီဂါကတော့ မျက်နှာမှာ ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုနီခရူးစ်ရဲ့ ဖြတ်တင်ဘောကို ရူဒီဂါက ခေါင်းတိုက်ဂိုးသွင်းခဲ့ချိန်မှာ ရှက်တာဒိုးနတ်ဂိုးသမားကလည်း အပြင်ပြေးထွက်လာပြီး ပုတ်ထုတ်ကာကွယ်ချိန်မှာ ရူဒီဂါရဲ့မျက်နှာကို ထိခိုက်မိခဲ့တာပါ။ ဂျာမနီနောက်ခံလူဟာ အောင်ပွဲတောင် မခံလိုက်ရဘဲ ကွင်းထဲမှာတင် ဆေးကုသမှုတွေ ချက်ချင်းခံယူခဲ့ရပါတယ်။
သတင်းတွေအရတော့ ဒီနေ့မှာ သူ့ရဲ့ ဦးခေါင်းကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ရူဒီဂါကတော့ "ကျနော်အဆင်ပြေပါတယ်၊ အားလုံးဆီက မက်ဆေ့ချ်တွေရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ The Sun ကတော့ ရူဒီဂါရဲ့ ဒဏ်ရာဟာ အချက် ၂၀လောက် ချုပ်ဖို့လိုအပ်တယ်လို့ ဖော်ပြခဲ့ပြီး မက်ဒရစ်ကိုအပြန် လေယာဉ်ပေါ်မှာတော့ ရူဒီဂါက မျက်လုံးတဖက်ကိုပါ ပတ်တီးအုပ်ထားရတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒဏ်ရာရပြီးပြီးချင်းမှာ သွေးတွေအများကြီးထွက်ခဲ့ပြီး ရူဒီဂါရဲ့ဂျာစီမှာ တော်တော်လေးစွန်းထင်းခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပြီး သူ့ရဲ့ သန်မာမှုကို ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါတယ်။ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့သလို တော်တော်လေးနာကျင်မယ့် ဒဏ်ရာမျိုးရခဲ့တာတောင်မှ ရူဒီဂါက အေးအေးဆေးဆေးဖြစ်ခဲ့လို့လည်း သတ္တိကောင်းတဲ့ ခံစစ်မှူးတဦးလို့ ချီးမွမ်းခံနေရပါတယ်။
ရိးရဲလ်ကတော့ ဒီနောက်ပိုင်းပွဲတွေမှာ ခြေပြန်ကျလာပြီး တိုက်စစ်ပိုင်းက ဂိုးရဖို့အခက်တွေ့နေပါတယ်။ ပြီးခဲ့တဲ့ ဂီတာဖေးနဲ့ လာလီဂါပွဲမှာလည်း နောက်ခံလူမီလီတာအိုရဲ့ သွင်းဂိုးကြောင့်သာ နိုင်ပွဲရခဲ့တာပါ။ လာမယ့်ပွဲစဉ်အဖြစ် ရီးရဲလ်က ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ်ကစားရမှာဖြစ်ပါတယ်။