ချယ်လ်ဆီးအသင်းကစားသမားဟောင်း ဂျိုကိုးလ်က မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဘယ်အသင်းကြီးကမှ မလိုချင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒီဂီယာရဲ့ ဆိုးရွားတဲ့ အမှားအယွင်းအတွက် ပြောဆိုဆွေးနွေးရာမှာ သူက ဖွင့်ဟလိုက်တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဂိုးသမားတဦး ရှာသင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
ဒီဂီယာကတော့ အသင်းကစားကွက်မှာ ပါဝင်ကစားပုံအားနည်းမှုကြောင့် ဝေဖန်ခံနေရသူဖြစ်ပါတယ်။ မနေ့ညကလည်း သူ့ရဲ့ အမှားကနေ ပြိုင်ဘက်အသင်းကို အနိုင်ဂိုးပေးခဲ့ရပြီး ပရိသတ်တွေပါ သူ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဂျိုကိုးလ်က ယူနိုက်တက်အတွက် ဂိုးသမားသစ်ရှာဖို့ ပြောဆိုခဲ့တာပါ။
"ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ဒီဂီယာကို ဘယ်အသင်းကြီးကမှ အလိုမရှိပါဘူး၊ တကယ်လို့ ယူနိုက်တက်အနေနဲ့ အသင်းကို တိုးတက်စေချင်တယ်ဆိုရင် ဂိုးသမားတဦးတော့ ခေါ်ယူရပါလိမ့်မယ်" လို့ ဂျိုကိုးလ်က ပြောခဲ့ပါတယ်။ ဒီလိုပြောဆိုမှုအပေါ်မှာ ရီယိုဖာဒီနန်က "ချယ်လ်ဆီးကတော့ ခေါ်နိုင်ပါတယ်" လို့ ဝင်ထောက်ခဲ့ရာမှာလည်း ဂျိုကိုးလ်က အခုလိုတုံ့ပြန်ခဲ့ပါတယ်။
"အမ်၊ နိုး၊ နိုး၊ ကျနော် ကီပါရဲ့ အဆင့်ကို မသတ်မှတ်ချင်ပါဘူး၊ ဒါပေမယ့် ဒီဂီယာတော့ မလုပ်ပါနဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီဂီယာဟာ ဒီရာသီမှာ ပြိုင်ဘက်အသင်း ဦးဆောင်ဂိုးရစေမယ့် အမှားမျိုးကို ၄ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး သူ့ထက်ပိုများတာဆိုလို့ စပါးဂိုးသမား လိုရစ်တဦးတည်းသာ ရှိတော့တာဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဒီဂီယာကို ကာကွယ်ပေးထားဆဲဖြစ်ပြီး Clean Sheet အများဆုံးရထားတဲ့ ဂိုးသမားလို့ ချီးကျူးနေဆဲဖြစ်ပါတယ်။