တရုတ် ရိုးရာ အစားအစာ တစ်မျိုးလည်းဖြစ်တဲ့ မြေအိုးထမင်းပေါင်းလေးကို ချက်ချင်းမှာ ချက်ချင်း မြေအိုးလေးနဲ့ ချက်ပေးတာမို့ ပူပူလေးစားနိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်မှာ သိပ်မတွေ့ရတဲ့အစားအစာလေးဖြစ်တာကြောင့် လပိုင်းအတွင်းမှာတင်လူကြိုက်များတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်လာတာပါ။
စဖွင့်ဖြစ်ခဲ့ပုံ
မလေးရှားနိုင်ငံ မြေအိုးထမင်းပေါင်းဆိုင် မှာ အလုပ်လုပ် နေတဲ့ သူငယ်ချင်းဖြစ်သူ ဆီကနေ ဖုန်းထဲကတစ်ဆင့် မြေအိုးထမင်းပေါင်းလေး ချက်လုပ်ပြင်ဆင်တာတွေ စဆုံး သင်ယူခဲ့တာဖြစ်ပြီး လက်ရာကောင်းဖို့ ကိုလည်း အကြိမ်ကြိမ် ကြိုးစားလေ့ကျင့်ခဲ့ပြီးမှ ဒီဆိုင်လေးကိုစဖွင့်ဖြစ်ခဲ့တာလို့သိရပါတယ်။ ဈေးတန်ပြီး အရသာ ကောင်းတဲ့ စားစရာတွေရနိုင်လို့လူကြိုက်များရေပန်းစားနေတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ “ကိုယ်လုပ်တဲ့အရာတစ်ခုကိုကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ယုံယုံကြည်ကြည်နဲ့လာအားပေးကြသူတွေကိုလည်းစိတ်မပျက်စေရပါဘူး”လို့ ဆိုင်ရှင်ကပြောပါတယ်။
ရနိုင်တဲ့မီနူးတွေက
မြေအိုးထမင်းပေါင်းလေးကို ကြက်သားမြေအိုးထမင်းပေါင်း ၊ဝက်သားမြေအိုးထမင်းပေါင်း ဆိုပြီး နှစ်မျိုးရရှိနိုင်ပါတယ်။ဆိုင်မှာ မြေအိုး ထမင်းပေါင်း (၂) မျိုးအပြင် နူးအိနေအောင်ပေါင်းထားတဲ့ ကြက်ခြေထောက်ပေါင်း၊ ကြက်ဥဖက်ပေါင်း၊ ပြောင်းဖူးဖက်ပေါင်းအိအိလေးတွေနဲ့ အရသာရှိတဲ့ငါးပေါင်းထုတ် လေးတွေနဲ့ ငပလီ ကောက်ညှင်းထုတ် လေးတွေကိုလည်းစုံနေအောင်ရရှိနိုင်ပါသေးတယ်။“ချက်ချင်းမှာ ချက်ချင်းချက်ပေးတဲ့အစားအစာလေးဖြစ်လို့ စောင့်ရတဲ့အတွက်ကိုလည်း စားသုံးသူတွေကို တောင်းပန်ပါတယ်”လို့ ဆိုင်ရှင်ကပြောပါတယ်။
မြေအိုးထမင်းပေါင်းဆိုတာက
မြေအိုးထမင်း ပေါင်း ထဲမှာ ဆိုရင် အရသာနဲ့သေချာလေးနှပ်ထားတဲ့အသား တွေ၊ မုန်လာဥနဲ့အသီးအရွက် လေးတွေ၊ ကြက်ဥ၊အီတာချီမှိုတို့ပါ၀င်ပြီး လာဝယ်သူရှိမှ မြေအိုး နဲ့ တစ်ပွဲစာလေး ချက်ရောင်းတာဖြစ်လို့ပူပူ လေးနဲ့အရသာရှိရှိစား ရမှာဖြစ်ပါတယ်။လူတိုင်းစားနိုင်တဲ့ ဈေးနှုန်းနဲ့လည်း ရောင်းချပေးထားပြီးမြေအိုးထမင်းပေါင်းတစ်ပွဲကိုမှ၅ထောင်၀န်းကျင်ပဲကျသင့်လို့ ဈေးတန် ပြီးအရသာကောင်းတဲ့ အတွက် ဒီဆိုင်လေးက လူကြိုက်များရေပန်းစားနေတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။
မီနူး ဆန်းဆန်းလေးမို့စားသုံးသူများ
ရန်ကုန်မှာ ရောင်းလေ့ရောင်းထသိပ်မတွေ့ရတဲ့ အစားအသောက် ဆန်းဆန်းလေး တစ်မျိုး ဖြစ်တာကြောင့် လာရောက်မြည်းစမ်းစားကြည့်ကြသူတွေ၊ အကြိုက်တွေ့လို့ပုမှန်လို လာအားပေးကြတဲ့စားသုံးသူတွေ နဲ့ လူမပြတ်အောင်ရောင်းရပြီး အရသာကလည်း ဗမာပါးစပ်နဲ့အံကိုက် ပြင်ဆင်ကာ ရောင်းချနေတာကြောင့်လည်း ကျောက်မြောင်းမှာနာမည်ကြီးနေတဲ့ဆ်ုင်လေးတစ် ဆိုင် ဖြစ်လာတာဖြစ်ပါတယ်။
လိပ်စာ
မြေအိုးထမင်းပေါင်းလေးရဲ့ ဆိုင်လိပ်စာလေးကတော့ ကျောက်မြောင်းသတိပဌာန်လမ်းပေါ်မှာညနေ၄နာရီနောက်ပိုင်းက စဖွင့်တာဖြစ်ပါတယ်။