ချယ်ရီပန်းတို့ပွင့်လန်းရာနေရာ ( ၅ ) နေရာကို ခရီးသွားတို့ လည်ပတ်သွားရောက်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်ရှင်

လှပတဲ့ချယ်ရီပွင့်လေးတွေကို အပင်ပေါ်မှာ သဘာအတိုင်းမြင်နေရတာကလည်း စိတ်ချမ်းသာစရာတစ်ခုပဲမဟုတ်ပါလား။ အားလုံးသိကြတဲ့အတိုင်း တချို့သောအလှအပတွေက မြင်နေရရုံနဲ့တင် စိတ်ကျေနပ်စရာ ကောင်းနေတာမျိုးပါ။ ခုလိုဆောင်းရာသီရဲ့ အထင်ကရပန်းတစ်မျိုးဖြစ်ပြီး တစ်နှစ်မှာတစ်ကြိမ်သာပွင့်တဲ့ ချယ်ရီလေးတွေ ဖူးပွင့်ကြတဲ့အချိန်ပါ။



အအေးပိုင်းဒေသတွေနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ အပန်းဖျော့၊ အပန်း၊ အဖြူ ဆိုပြီးအရောင်အသွေးပြည့်စုံလှပတဲ့ ချယ်ရီတွေဟာ ပေါက်ရောက်လေ့ရှိတာကြောင့် ယခုဆောင်းပါးလေးမှာ ချယ်ရီပန်းတို့ပွင့်လန်းရာနေရာ ( ၅ ) နေရာကို ခရီးသွားတို့ လည်ပတ်သွားရောက်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။


ဂျပန်နိုင်ငံ 



မြန်မာ နဲ့ ပိတောက် ခွဲလို့မရသလို ဂျပန် နဲ့ ဆာကူရာပန်း ( ချယ်ရီပန်း ) ကလည်း ခွဲလို့မရပါဘူး။ ရှေးယခင်ကတည်းက ဂျပန်လူမျိုးတွေဟာ ချယ်ရီပင်အောက်မှာ မိသားစုလိုက် ပျော်ပွဲစားထွက်ပြီး ချယ်ရီပင်တွေရဲ့ အလှကို စီးမြောခံစားတတ်ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း မတ်လ နောက်ဆုံးအပတ် ကနေ ဧပြီ ဒုတိယအပတ်ထိ သစ်ပင်ပေါ်မှာ ဝေ‌ဝေဆာဆာပေါက်နေတဲ့ ချယ်ရီပင်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ဧပြီနောက်ဆုံးအပတ် ကနေ မေ ဒုတိယအပတ်ထိတော့ ဖူဂျီတောင်ခြေအောက်မှာ တစ်ခင်းအပြည့်စိုက်ပျိုးထားတဲ့ Shiba Sakura ကို မျက်စိတစ်ဆုံး တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ကိုရီးယားနိုင်ငံ 



K - Drama တွေထဲမှာအများဆုံးမြင်တွေ့ရတတ်တဲ့ ချယ်ရီပန်းခင်းကြီးဟာ ဘယ်လောက်လှနေမလဲဆိုတာ တွေးကြည့်လိုက်ပါတော့။ တောင်ကိုရီးယားနိုင်ငံရဲ့ နွေဦးရာသီမှာ အဆုပ်လိုက်အကိုင်လိုက် ပွင့်လန်းနေကြတဲ့ ချယ်ရီပန်းခင်းကြီး တွေ့မြင်နိုင်ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ တဝှမ်းလုံးမှာ ချယ်ရီပန်းပွဲတော်တွေကို အများဆုံးကျင်းပလေ့ရှိကြပါတယ်။ အလှဆုံးနဲ့နာမည်အကြီးဆုံးပွဲတော်ကတော့ နှစ်စဉ် ဧပြီလမှကျင်းပလေ့ရှိတဲ့ Jinhae Gunhangjie လို့အမည်ရတဲ့ ချယ်ရီပန်းပွဲတော်ပဲ ဖြစ်ပါတယ်။


စပိန်နိုင်ငံ 



ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ စပိန်နိုင်ငံဟာဆိုရင်လည်း ချယ်ရီပန်းတွေကို အများဆုံးမြင်တွေ့နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ချယ်ရီပန်းပွဲတော်တွေကို မတူညီတဲ့Theme မျိုးစုံနဲ့ နိုင်ငံအတွင်းကျင်းပလေ့ရှိကြပါတယ်။

အဖြူရောင်အပွင့်တွေအနေနဲ့ပေါက်ရောက်လေ့ရှိကြပြီး စပိန်နိုင်ငံရဲ့ အကျော်ကြားဆုံးနှင့် အကြီးမားဆုံး ချယ်ရီပင် ၁.၅ သန်းကျော်ကို စပိန်အနောက်ပိုင်း Extremadura ပြည်နယ် Cáceres မြို့မှာရှိတဲ့ Valle del Jerte ချိုင့်ဝှမ်းမှာ မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။


ထိုင်ဝမ်နိုင်ငံ 



ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့နဲ့ နှိုင်းယှဉ်ရင်တော့ ထိုင်ဝမ်နိုင်ငံရဲ့ချယ်ရီပန်းပွင့်ချိန်ဟာ စောနိုင်ပေမယ့် အရောင်အသွေးစုံလင်လှတဲ့ချယ်ရီပန်းပွင့်တွေကို နိုင်ငံရဲ့နေရာအတော်များများမှာ တွေ့မြင်နိုင်ပဲဖြစ်ပါတယ်။ 

ထိုင်ဝမ်နိုင်ငံရဲ့ အထင်ကရအပန်းဖြေဥယျာဉ်ကြီးတစ်ခုဖြစ်တဲ့ Formosan Aborginal Culture Village မှာနှစ်စဉ်ဖေဖော်ဝါရီလတိုင်း ချယ်ရီပန်းပွဲတော်ကြီးကိုကျင်းပလေ့ရှိကြပြီး ထောင်ပေါင်းများစွာချယ်ရီပန်းမျိုးစိတ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။


မြန်မာနိုင်ငံ 



မြန်မာနိုင်ငံမှာဆိုရင်တော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ၊ ချင်းပြည်နယ်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ချယ်ရီပန်းတွေကို တွေ့မြင်နိုင်မှာပါ။ တောင်ကြီးမြို့အနီးတစ်ဝိုက် တောင်ပေါ်တွေနဲ့ မြို့ပေါ်လမ်းမပေါ်တွေမှာဆိုရင် ချယ်ရီတွေဟာ တစ်မြို့လုံးဝေဆာအောင် ဖူးပွင့်လေ့ရှိကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ချယ်ရီပန်းတွေပွင့်တဲ့အချို့ဒေသတွေမှာ ပန်းလိုချင်လို့ ကိုင်းချိုးသွားတဲ့အခြေအနေတွေ ရှိနေတဲ့အတွက် တချို့ဒေသခံတွေအနေနဲ့ သဘာဝအလှတရားလျော့ကျသွားမှာ စိုးရိမ်နေမှုတွေကို ကြုံတွေ့နေရပြီး မြန်မာနိုင်ငံချယ်ရီပန်းမျိုးစိတ်အများစုကို ဒီဇင်ဘာလ ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်မှာ ကျင်းပလေ့ရှိတဲ့ ပန်းပွဲတော်မှာ အများဆုံးမြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။



Share

Loading Next Article...
က္က