လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်ကနေ စပါးကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) နဲ့ ရောက်ရှိလာခဲ့တဲ့ ရစ်ချာလီဆန်ဟာ အသင်းကိုရောက်လို့ တရက်ဝန်းကျင်သာရှိနေချိန်မှာ စပါးပရိသတ်တွေရဲ့ နှလုံးအာရုံကို သိမ်းပိုက်လိုက်ပါတယ်။
အသက် (၂၅) နှစ်အရွယ် အဆိုပါဘရာဇီးတိုက်စစ်မှူးဟာ စပါးရဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်ကို သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ဓာတ်ပုံတပုံနဲ့အတူ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒီပုံကတော့ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီ အာဆင်နယ်အိမ်ကွင်းမှာ အဲဗာတန်နဲ့ ထိပ်တိုက်တွေ့ခဲ့တုန်းက ဓာတ်ပုံတပုံပဲဖြစ်ပါတယ်။ ဒီပုံထဲမှာ ရစ်ချာလီဆန်က အာဆင်နယ်ကစားသမား ဘယ်လာရင်နဲ့ထိပ်တိုက်တွေ့နေပြီး မြက်ခင်းပေါ်မှာတော့ အဲ့ဒီအချိန်က အာဆင်နယ်ကွင်းလယ်လူ စီဘယ်လို့စ်က လဲကျနေခဲ့ပါတယ်။
ဒါဟာ သူ့ကိုယ်သူ စပါးဘက်တော်သားတယောက်အဖြစ် ရာနှုန်းပြည့်သက်သေစပြလိုက်တဲ့ပုံပဲလို့ ပရိသတ်တွေက သုံးသပ်နေကြပြီး စပါးပရိသတ်တွေကတော့ ရစ်ချာလီဆန်ရဲ့ အခုဓာတ်ပုံကို သဘောကျနေပါတယ်။ ပရိသတ်တွေက “ရစ်ချာလီဆန်က ဒီဓာတ်ပုံနဲ့ အာဆင်နယ်ပရိသတ်တွေကို ဒုက္ခပေးလိုက်ပါပြီ”
“ရစ်ချာလီဆန်က စပါးကိုရောက်ပြီး (၂၄) နာရီနဲ့တင် အာဆင်နယ်ပရိသတ်တအုပ်လုံးကို သူ့ကိုယ်သူ ဘာဆိုတာ အသိပေးလိုက်ပါတယ်” “ဒါမျိုးက စပါးပရိသတ်တွေရဲ့အကြိုက်ပါပဲ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။
ရစ်ချာလီဆန်ကို စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးတို့ အပြိုင်အဆိုင်စိတ်ဝင်စားခဲ့ကြပြီး စပါးက လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ရစ်ချာလီဆန်က အာဆင်နယ်မှာသာဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယားက ထိုးနှက်ဝေဖန်ခဲ့ဖူးပါသေးတယ်။