လမ်ဖွန်းအသင်းမှာ ကစားနေတဲ့ မြန်မာကစားသမားမောင်မောင်လွင်ဟာ ချင်းမိုင်ယူနိုက်တက်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းရရှိခဲ့တဲ့ သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ မောင်မောင်လွင်ဟာ သူ ကိုယ်တိုင် တဂိုးသွင်းယူပြီး အသင်းဖော်တွေအတွက် ၂ ကြိမ်တိတိဖန်တီးကာ ခြေစွမ်းပြခဲ့တာဖြစ်ပြီး အသင်းတန်းတက်နိုင်ရေးမျှော်လင့်ချက်တွေကိုပါ ကူညီပေးနိုင်ခဲ့ပါတယ်။
ထိုင်းလိဂ်-၂ မှာ ကစားချိန်ကစပြီး ခြေစွမ်းပြနေတဲ့ မောင်မောင်လွင်အတွက်တော့ နောက်ထပ်အကောင်းဆုံးပွဲတပွဲဖြစ်လာခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်က ထရတ်ကို အမီလိုက်ဖို့၊ တတိယနေရာက ဆူခိုထိုင်းကို ကျော်ဖြတ်ထားနိုင်ဖို့အတွက် အရေးပါနေတဲ့ ပွဲစဉ်တွေမှာ လမ်ဖွန်းက အနိုင်ရရှိခဲ့ပြီး မောင်မောင်လွင်ကလည်း အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။
ချင်းမိုင်နဲ့ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို မောင်မောင်လွင်ကရရှိခဲ့ပြီး ဒီလအတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၂ ဂိုးသွင်းယူကာ ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ထိုင်းလိဂ်-၂ ရဲ့ ဖေဖော်ဝါရီလတလတာအကောင်းဆုံးကစားသမားဆုကိုပါ သူ ရရှိနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပြီး အမှန်တကယ်ဆွတ်ခူးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိဆိုရင် မောင်မောင်လွင်က လမ်ဖွန်အတွက် ပြိုင်ပွဲစုံ ၉ ပွဲကစားပေးထားပြီးဖြစ်ကာ သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးထားပြီး တစ်ပွဲကို သွင်းဂိုးတဂိုးနှုန်း ပါဝင်ပတ်သတ်နိုင်ခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိပုံစံအတိုင်းသာ ခြေစွမ်းပြနေပြီး အသင်းကိုတန်းတက်နိုင်အောင် သူ ကူညီပေးနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီမှာ ထိုင်းလိဂ်-၁ အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိဖွယ်ရာရှိနေပါတယ်။