သစ်သီးအချဉ်ပေါင်းကြိုက်သူတွေအတွက် အသီးတွေကို ငါးပိလေးနဲ့ အရသာ ချဉ်ချဉ်ငံငံစပ်စပ်လေးဖြစ်အောင် သုပ်ပြီးရောင်းတဲ့ တောသုပ်ဆိုင်လေးကို လူတိုင်းသိကြမှာပါ။ ဒီဆိုင်လေး ပေါ်ပေါက်လာတာ (၃) နှစ်ဝန်းကျင်ရှိလာပြီးအခုတော့ ရန်ကင်းမြို့နယ်မှာ ဆိုင်ခန်းလေးနဲ့ ဖွင့်လှစ်ထားတာ မကြာသေးပါဘူး။
ရန်ကုန်မှာမတွေ့ရတဲ့ပုံစံမျိုးလေးနဲ့ ထိုးဖောက်ခဲ့တဲ့တောသုပ်
ရန်ကုန်က အချဉ်ပေါင်းဆိုင်တွေအများစုက ငံပြာရည်၊ ငရုတ်သီးမှုန့်တွေနဲ့ သုပ်တာများတာကြောင့် ငါးပိလေးနဲ့ သုပ်တဲ့ပုံစံမျိုးလေးနဲ့ တောသုပ်ဆိုင်လေးကို လွန်ခဲ့တဲ့ (၃) နှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ရှင်နှစ်ဦးက ပျဉ်းမနားဒေသခံတွေဖြစ်တာကြောင့် သူတို့ဒေသမှာ စားတဲ့ပုံစံမျိုးလေးကို ရန်ကုန်မှာ စတင်ရောင်းချဖို့ စိတ်ကူးမိခဲ့တာဆိုရင်လည်း မမှားပါဘူး။
“ ဒါက ကျွန်တော်တို့ နယ်အစားအစာပေါ့နော်။ ငါးပိနဲ့သုပ်တာက နယ်တွေမှာရှိတော့ ရန်ကုန်မှာ ဒီလိုလေးစလုပ်ကြည့်မယ်ဆိုပြီး စခဲ့တာ။ စဖွင့်တာကတော့ တက္ကသိုလ်ရိပ်သာလမ်း UFL ရှေ့မှာ ကားလေးနဲ့ပေါ့။ နာမည်ကိုတော့ တောသုပ်လို့ပေးလိုက်တယ်။ သုပ်တာကတော့ ငရုတ်သီးနဲ့ငါးပိကို အဓိကထားပြီး အသီးနဲ့သုပ်တာပေါ့နော်။ ”တောသုပ်ဆိုင်ရှင်ကဆိုပါတယ်။
ဖွင့်ကာစမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့တောသုပ်
အချဉ်ပေါင်းကို ပုံစံသစ်၊ အရသာအသစ်နဲ့ ထိုးဖောက်ခဲ့တာကြောင့် တောသုပ်လေးစတင်ချိန်မှာပဲ စားသုံးသူတွေအကြား ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။ စရောင်းကာစတုန်းကတော့ တစ်နေ့ကို (၃) သိန်း၊ (၄) သိန်းဖိုးခန့်ရောင်းရပြီး အဓိကကတော့ လူငယ်အမျိုးသမီးလေးတွေအကြိုက်တွေ့စေတဲ့ စားစရာတစ်ခုဖြစ်လာတာပါ။
“ ရန်ကုန်မှာသုပ်တာကတော့ အမှုန့်တွေနဲ့ပဲသုပ်တာပေါ့နော်။ ကျွန်တော့်တို့ တောသုပ်က ငါးပိနဲ့ဆိုတော့ လူတိုင်းကြိုက်ကြတယ်။ အဓိကကတော့ ငါးပိရယ်၊ ငရုတ်သီးမှုန်၊ အချိုမှုန့် စတာတွေကို သူနဲ့လိုက်ဖက်အောင်စပ်ရတာပေါ့။ စားသုံးသူတွေအကြိုက်လည်း အရသာပြောင်းပေးပါတယ် စားသုံးသူတစ်ချို့က အလေးကြိုက်ရင် အလေး အပေါ့ကြိုက်ရင် အပေါ့ပေါ့။ သူတို့စားချင်တဲ့ပုံစံမျိုးလေးဖြစ်အောင် လုပ်ထားတယ်။ ” လို့ ဆိုပါတယ်။
ကုန်ကြမ်းပစ္စည်းတွေကို နယ်မြို့တွေကနေမှာယူ
အသီးသုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေကအစ နယ်ကနေ တိုက်ရိုက်မှာယူတာဖြစ်ပါတယ်။ အသုပ်သုပ်ရာမှာအသုံးပြုတဲ့ငါးပိကိုတော့ မြိတ်ဘက်က မှာယူပြီး ရန်ကုန်မှာမရနိုင်တဲ့ အချို့အသီးတွေဆိုလည်း ထွက်ရှိရာဒေသကနေ မှာယူရတာဖြစ်ပါတယ်။
ဆိုင်ခန်းလေးနဲ့ ဖြစ်သွားတဲ့ တောသုပ်
တောသုပ်ဆိုင်လေးကို တက္ကသိုလ်ရိပ်သာလမ်း YUFL ရှေ့မှာ ဖွင့်လှစ်ခဲ့တာ (၃) နှစ်ကျော်ကြာပြီးနောက်ပိုင်း စားသုံးသူတွေရဲ့ အားပေးမှုကြောင့် ရန်ကင်းမြို့နယ်မှာဆိုင်ခန်းလေးနဲ့ ဖွင့်လှစ်လိုက်ပါတယ်။ ရန်ကင်းမှာ ဖွင့်ထားတာ (၂) လဝန်းကျင်ပဲရှိသေးပေမယ့် တောသုပ်ကိုကြိုက်ကြတဲ့ စားသုံးသူအသစ်တွေပိုပြီးတိုးလာတယ်လို့ ဆိုပါတယ်။
“ ဆိုင်စဖွင့်ကတည်းက အခုချိန်ထိအားပေးကြတဲ့ စားသုံးသူတွေရှိတယ်။တောသုပ်ကို ကလေးတွေကအစကြိုက်ကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် စိတ်ကူးနဲ့စခဲ့တာ ဒီလောက်ထိ ဖြစ်လာမယ်လို့မထင်မိဘူး” လို့ တောသုပ်ဆိုင်ရှင်က ဆိုပါတယ်။
တောသုပ်ဆိုင်လေးရဲ့ ချဉ်ငံစပ်အသီးသုပ်မြည်းစမ်းချင်သူတွေအတွက်
တောသုပ်ဆိုင်လေးမှာ ချဉ်စော်ခါးသီးငါးပိသုပ်၊ ပင်မှည့်ငပိသုပ်၊ သရက်သီး၊ ဂွေးသီး၊ ပန်းသစ်တော်၊ ပန်းသီး၊ မက်မန်းသီး တဲ့ အသီးတွေကိုလတ်လတ်ဆတ်ဆတ် နဲ့ ငါးပိကလေးနဲ့ သုပ်ထားတဲ့ အသီးသုပ်မျိုးစုံရနိုင်ပါတယ်။ ဆိုင်လေးတွေကတော့ ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်း၊ ရန်နိုင်လမ်းသွယ် (၄) လမ်းထိပ်မှာတစ်ဆိုင်နဲ့ တက္ကသိုလ်ရိပ်သာလမ်း YUFL ရှေ့မှာတော့ ကားလေးနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ မနက် (၁၁) နာရီခွဲကနေ ညနေ (၆) နာရီလောက်ထိရနိုင်ပြီး ချဉ်ငံစပ်အရသာ ထိမိဂွိကြိုက်သူလေးတွေအတွက် ဒီဆိုင်လေးကို ညွှန်းပေးလိုက်တာဖြစ်ပါတယ်။