ဒီဆေးတွေကိုတော့ ခရီးထွက်တော့မယ်ဆို မဖြစ်မနေဝယ်ထည့်သွားပါ။

 ခရီးသွားမယ်ဆိုရင် ပြင်ဆင်သင့်တာတွေများပြားပါတယ်။ ဒီထဲကမှ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့ပြီး ဘာစိတ်ညစ်စရာမှ မရှိအောင် ပြင်ဆင်ကို ပြင်ဆင်သွားသင့်တဲ့ အရာကတော့ ဆေးဝါးပါပဲ။ ဒီတစ်ပတ် ခရီးသွားဆောင်းပါးအစီအစဉ်မှာတော့ ခရီးသွားတော့မယ်ဆိုရင် မဖြစ်မနေ ဆောင်သွားသင့်တဲ့ ဆေးဝါးလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ 



၁။ အနာကပ်ပလာစတာ 

ပထမဆုံးမဖြစ်မနေ ခရီးဆောင်အိတ်ထဲမှာ ရှိသင့်တဲ့ ဆေးဝါးကတော့ ထိခိုက်ရှနာတွေ ကြုံလာတဲ့အခါ ကပ်တဲ့ အနာကပ်ပလာစတာပါ။ ခရီးမှာ မတော်တဆထိခိုက်ရှနာတာတွေ ဖြစ်လာနိုင်သလို ဖိနပ်ပေါက်တာ ၊ လက်ရှတာလည်း ဖြစ်နိုင်တဲ့အတွက် အနာကပ်ပလာစတာ က မဖြစ်မနေ သယ်ရမယ့်အရာထဲမှာ ပါဝင်ပါတယ်။

၂။ အစာကြေလေဆေး 

ခရီးသွားတာဖြစ်တဲ့အတွက် ဒေသအစားအသောက်တွေကို မြည်းစမ်းကြည့်မှာသေချာပါတယ်။ ဒါ့ကြောင့် ဒီဆေးတွေက ခရီးမှာ ကြိုဆောင်ထားသင့်တဲ့ ဆေးဝါးတွေပါ။ အခန့်မသင့်တဲ့အခါ အစာများသွားတာ ၊ အစာမှားသွားတာ ၊ ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်တွေစားမိသွားတာ ဖြစ်နိုင်တဲ့အတွက် Air X၊ Kremil-S နဲ့ Bioflor ကလည်း ဆောင်ထားသင့်တဲ့ ဆေးဝါးတွေထဲ ပါဝင်ပါတယ်။ Bioflor ကတော့ မသန့်တဲ့ရေတွေ သောက်မိသွားတဲ့အခါဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောဝေဒနာတွေကို သက်သာစေပါတယ်။ Air X နဲ့ Kremil-S ကတော့ အစာမကြေတာ ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် ၊ ရင်ပူဗိုက်အောင့်တာတွေကို သက်သာစေတဲ့ ဆေးဝါးတွေပဲဖြစ်ပါတယ်။ 

၃။ ခေါင်းကိုက်ဖျားနာပျောက်ဆေး 

အအေးမိဖျားနာတာ ခေါင်းကိုက်တာတွေက ခရီးသွားရင်အဖြစ်အများဆုံးပါပဲ။ ဒါ့ကြောင့် ခရီးမှာ ခေါင်းကိုက်နေရလို့ စိတ်ညစ်မနေရလေအောင် Paracetamol(ပါရာစီတမော) ၊ Biogesic(ဘိုင်အိဂျက်စစ်) ,LenSen(လန်းဆန်း) ၊ Decolgen (ဒီကိုဂျင်) ၊ Mixagrip(မစ်ဆာဂရစ်) စတဲ့ ဆေးတွေဆောင်သွားသင့်ပါတယ်။ အများကြီးဆောင်စရာမလိုပါဘူး၊ အနည်းဆုံးတစ်မျိုးလောက် ဆောင်သွားရင် အဆင်ပြေပါတယ်။ 

၄။ အလာ့ဂျစ်နဲ့ နှာစေးပျောက်ဆေး 

နေရာဒေသ အပြောင်းအလဲတွေကြောင့် ၊ ရေလေမြေအပြောင်းအလဲတွေကြောင့် ယားယံတာ ၊ အဖုအပိန့်တွေထွက်တာမျိုး ၊ အလာ့ဂျစ်ဖြစ်တာမျိုးတွေ တချို့သူတွေမှာရှိတတ်ပါတယ်၊ ဒီလိုလူတွေအတွက် ဆောင်ထားသင့်တဲ့ အရာကတော့  Certrine ပါ။ အပူရှပ်ပြီး နှာစေး ၊ နှာပိတ်ဖြစ်တဲ့သူတွေအတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ 

၅။ ဗီတာမင်စီဓာတ်ပါတဲ့ဆေး 

Enervon C လို Vicee လိုမျိုး ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေတဲ့ ဆေးတွေကိုလည်း အဆင်ပြေရင် ဆောင်သွားစေချင်ပါတယ်။  


တခြား ကိုယ်နေ့စဉ်သောက်နေကျဆေးတွေကိုလည်း မမေ့မလျော့ယူသွားသင့်ပြီး အအန်ပျောက်ဆေး နဲ့ ရှူဆေးဘူးတွေကလည်း လိုအပ်တဲ့ ဆေးဝါးတွေထဲမှာပါဝင်ပါတယ်။ 

အားလုံးပဲ ပျော်ရွှင်တဲ့ ခရီးစဉ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က