အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ရက် ကာလမှာ ဒူဘိုင်းမှာ အသင်းလိုက် စခန်းသွင်း လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီး ဒီအတွက် အာဆင်နယ်ရဲ့ ကစားသမားစာရင်းမှာတော့ အူဘာမီးယန်းကို ထပ်မံချန်လှပ်ခဲ့ပြန်တယ်လို့ သိရပါတယ်။
အူဘာမီးယန်းအတွက် ပိုပြီးဆိုးရွားတဲ့အချက်က အသင်းနဲ့ စာချုပ်တောင်မချုပ်ထားတဲ့ ကွင်းလယ်လူ ဝဲလ်ရှိုင်းယားက ဒူဘိုင်း ခရီးစဥ်ကို လိုက်ပါခွင့်ရရှိခဲ့တာဖြစ်ပြီး အူဘာမီးယန်းကတော့ သူ့ကို တယောက်တည်း လေ့ကျင့်ခန်းဆင်းခိုင်းထားတဲ့အတိုင်းပဲ ချန်ရစ်ခံခဲ့ရတာပါ။
ဒီသတင်းကိုတော့ The Telegraph သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲပေးနေရတဲ့ အူဘာမီးယန်းကို အသင်းကနေ ရောင်းထုတ်နိုင်ဖို့လည်း ကြံဆနေပါတယ်။ အူဘာမီးယန်းကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်နာဆာက စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က ဆော်ဒီအာရေဗျကို ပြောင်းရွှေ့လိုခြင်းမရှိဘူးလို့လည်း The Telegraph က ဖော်ပြပါတယ်။
အယ်လ်နာဆာဟာ အူဘာမီးယန်းရဲ့ လစာငွေအားလုံးကို အပြည့်အဝပေးချေမှာဖြစ်တာကြောင့် အာဆင်နယ်က အငှားနဲ့လက်လွှတ်ခံဖို့ စိတ်ကူးရှိနေပေမယ့် အူဘာမီးယန်းကတော့ ငြင်းဆန်ထားတာပါ။
အူဘာမီးယန်းဟာ ဒီလအစောပိုင်းမှာ ဂါဘွန်နဲ့အတူ အာဖရိကဖလား ဝင်ရောက်ကစားဖို့ ကင်မရွန်းကို သွားရောက် ပူးပေါင်းခဲ့ပေမယ့် ကိုဗစ် ကူးစက်ခံခဲ့ရတဲ့အပြင် နောက်ဆက်တွဲဝေဒနာတွေပါ ခံစားခဲ့ရတာကြောင့် အာဆင်နယ်ကို စောစောစီးစီး ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်က တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ဗလာဟိုဗစ်ကို မရလိုက်တာကြောင့် အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်ကို စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ (၁၀) မှသာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဥ်အဖြစ် ဝုလ်ဗ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။