ပြန်မရနိုင်တဲ့ အမှတ်တရတွေကို ဓာတ်ပုံထဲမှာပဲ ရနိုင်တယ်လို့ ပြောကြတဲ့အတိုင်း ခရီးသွားဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံတစ်ပုံက နေရာတစ်ခုရဲ့ ဇာတ်လမ်းကို အသေအချာပြန်ပြောပြနိုင်ပါတယ်။
လူစည်ကားတဲ့ လမ်းမတွေပေါ်မှာ သွားလာနေခဲ့တာ၊ သာယာလှပတဲ့ရှုခင်းတွေကို ကြည့်ရှုခဲ့တာ ဒါမှမဟုတ် ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေခဲ့တာတွေအားလုံးကို ဓာတ်ပုံရိုက်ထားခဲ့မယ်ဆိုရင် ဘယ်အချိန်ပဲပြန်ကြည့်ကြည့် ခရီးရဲ့ အနှစ်သာရကို ပြန်အမှတ်ရစေမှာပါ။
ခရီးသွားဓာတ်ပုံရိုက်တာက နေရာတိုင်းမှာ ထူးခြားတဲ့ အခိုက်အတန့်တွေကို ရှာဖွေပြီး မှတ်တမ်းတင်တာဖြစ်သလို အတူတူခရီးသွားခဲ့တဲ့သူတွေနဲ့ ပျော်စရာအမှတ်တရတွေကို ဖန်တီးတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ဘယ်လိုပြင်ဆင်ရမလဲသိချင်ရင် အဆုံးထိ ဆက်ဖတ်ကြည့်ပါဦး
၁။ ကြိုတင်ပြင်ဆင်ပါ
ခရီးထွက်ခင်မှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတဲ့ နေရာတွေကို လေ့လာဖို့ အချိန်ယူပြီးလေ့လာပါ။ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ အထင်ကရနေရာတွေကို ကြိုလေ့လာထားတာက လှပဆန်းပြားတဲ့ ရိုက်ချက်တွေကို ရနိုင်မှာပဲဖြစ်ပါတယ်။ ပွဲတော်တွေ၊ စည်ကားတဲ့လည်ပတ်စရာနေရာတွေနဲ့ ပြတိုက်တွေကို ကြိုတင်ရှာဖွေထားတာက ဓာတ်ပုံလှလှရစေဖို့ အထောက်အကူဖြစ်စေမှာပါ။
၂။ အလင်းရောင်ကို ချိန်ညှိပါ
အလင်းရောင်ဟာ ဓာတ်ပုံပိုကောင်းစေနိုင်သလို ပိုလည်းဆိုးစေနိုင်လို့ သတိထားဖို့ လိုပါတယ်။ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာ ရိုက်ထားတဲ့ ရှုခင်းပုံတွေနဲ့ အလှပုံတွေဟာ တကယ်ကို မှော်ဆန်တဲ့အလှကို ပေးစွမ်းလို့ လက်မလွှတ်သင့်တဲ့ အခိုက်အတန့်တွေပါပဲ။
သဘာဝအလင်းရောင်ကို ဘယ်လိုအသုံးချရမလဲဆိုတာ နားလည်ရင်တော့ ဓာတ်ပုံလှလှရဖို့က သိပ်မခက်လှပါဘူး။ နေဝင်ရီတရောရဲ့ အလင်းရောင်ဖျော့ဖျော့မှာ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ တောက်ပတဲ့ မွန်းတည့်နေရောင်အောက်မှာ ရိုက်ထားတဲ့ပုံက မတူညီတဲ့ ဇာတ်လမ်းကို ပြောပြနေမှာပါ။
၃။ ရှုခင်းတွေကို ဓာတ်ပုံရိုက်ပါ
ရှုခင်းဓာတ်ပုံရိုက်တာက သွားလည်တဲ့ နေရာတစ်ခုရဲ့ သမိုင်းကြောင်း ဒါမှမဟုတ် အလှအပကို ပြသဖို့ အကောင်းဆုံးအခွင့်အလမ်းပါ။ တောင်တန်း၊ မြစ်၊ တောရိုင်းပန်းခင်းတွေနဲ့ လယ်ကွင်းတွေကို သဘာဝအလင်းရောင်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံက သာမန်ဓာတ်ပုံတွေထက် ပိုပြီးဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။
ရှုခင်းတွေကို နောက်ခံထားပြီး အလှဓာတ်ပုံရိုက်ရင်လည်း သဘာဝကျကျနဲ့ ပိုလှတဲ့ဓာတ်ပုံတွေရမှာ အသေအချာပါပဲ။
၄။ အသေးစိတ်အချက်တွေကို ဂရုပြုပါ
အလှဆုံးခရီးသွားဓာတ်ပုံတချို့ဟာ သေးငယ်ပြီး သတိမမူမိတဲ့ ရှုထောင့်တွေကို သေချာရိုက်ယူထားတာပဲဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံရဲ့ အနုစိတ်နံရံပုံစံ၊ ရာသီဥတုဒဏ်ခံတဲ့တံခါးနဲ့ လှေကားစင်္ကကြန်ထောင့်တွေမှာ ဒီလိုပုံတွေကို ရနိုင်ပါတယ်။ ပိုလှပတဲ့ ခရီးသွားဓာတ်ပုံတွေကို ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ထည့်နိုင်ဖို့ဆိုရင် ဒီလိုရှုထောင့်ကနေ ရိုက်ထားတဲ့ ပုံတွေက ပြီးပြည့်စုံတဲ့ သရုပ်ဖော်မှုကို ဖန်တီးပေးနိုင်မှာပါ။
၅။ စိတ်ခံစားမှုတွေကို ဦးစားပေးပါ
ခရီးသွားဓာတ်ပုံတွေဟာ ကြည့်ရှုသူကို ရသတစ်စုံတစ်ရာ ခံစားမှုပေးစွမ်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝေးလံခေါင်သီတဲ့ကျွန်းရဲ့ အေးချမ်းသာယာမှု၊ စည်ကားတဲ့ လမ်းပေါ်က ဈေးတစ်ခုရဲ့ စိတ်လှုပ်ရှားမှု နဲ့ သမိုင်းဝင်ဘုရားကျောင်းဝင်းအတွင်းက ကြည်ညိုမှုတွေကို ကင်မရာကတစ်ဆင့် ဖော်ပြပေးနိုင်ပါတယ်။
မြင်ကွင်းတစ်ခုရဲ့ စွမ်းအင်ကို အာရုံစိုက်ပါ။ ဒီမြင်ကွင်းထဲမှာ လူတွေက ပျော်ရွှင်နေတာလား၊ အေးချမ်းနေတာလားဆိုတဲ့ ခံစားချက်တွေကို ထင်ဟပ်စေဖို့ ဖွဲ့စည်းမှု၊ အလင်းနဲ့ အရောင်တွေကို အသုံးပြုပါ။
၆။ ပြုပြင်တည်းဖြတ်ပါ
ဓာတ်ပုံရိုက်ပြီးတဲ့အခါ လိုအပ်တဲ့ အလင်းအမှောင်၊ အနီးအဝေးတွေကို ပြုပြင်လိုက်တာက မြင်ကွင်းရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ထင်ဟပ်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံ တည်းဖြတ်မပြုပြင်ဖို့တော့ သတိထားပါ။ ဒါမှ အပြင်ကအတိုင်း လှပနေတဲ့ ခရီးသွားဓာတ်ပုံတွေကို ရနိုင်မှာဖြစ်ပါတယ်။
ခရီးသွားခြင်းရဲ့ အနှစ်သာရ
နေရာတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းရှိပြီး ဓာတ်ပုံရိုက်ပြီးတော့ အဲဒီဇာတ်လမ်းကို တခြားသူတွေနဲ့ ဝေမျှနိုင်ပါတယ်။ လှပတဲ့ရှုခင်းတွေနဲ့ မမေ့နိုင်စရာ အခိုက်အတန့်တွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတစ်ပုံချင်းစီတိုင်းက သွားလည်ဖူးတဲ့ အမှတ်တရတွေကို မှတ်မိဖို့ အခွင့်အရေးဖြစ်စေမှာပါ။ အဲဒီလိုအမှတ်တရတွေကို ဖန်တီးနိုင်ဖို့ ဓာတ်ပုံရိုက်တဲ့အခါ ဒီအချက်တွေကို သုံးဖို့ မမေ့နဲ့နော်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။